အစိုးရထိုးစစ်ကြောင့် ထွက်ပြေးသူဒုက္ခသည်တွေ တိုးလာနေ

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ KIO နဲ့ အစိုးရတပ်တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် အတွင်း ဘေးလွတ်ရာ ထွက်ပြေးရသူ ဒေသခံ ၁ ထောင်လောက် ရှိသွားပြီလို့ သိရပါတယ်။

2011.10.02
kachin_refugees_laiza1_305_z.jpg ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
RFA

အစိုးရတပ်တွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ပြီး တက်လာတဲ့အတွက် ရွာတွေကို လက်နက်ကြီး ထိမှန်မှာ စိုးရိမ်တာကြောင့် ထွက်ပြေးရတာဖြစ်ပြီး အများစုဟာ တောတောင်တွေထဲမှာ ပုန်းအောင်းနေရတယ်လို့ ဆိုပါတယ်။ KIA တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီးဇော်ရော်က အခုလို ပြောပါတယ်။

“မုံးပေါ်မှာ ဒုက္ခသည် တထောင်ကျော်လောက် ရောက်နေတယ်။ ပြီးရင် တဖွဲဖွဲပဲ။ မုံးပေါ်က တဆင့် မူဆယ် ၁ဝ၅ မိုင်၊ ကြူကုတ်ပန်ဆိုင်းဘက်မှာ။ နယ်စပ်တကြော တဖွဲဖွဲ ဝင်တုန်းပဲ။ အများအားဖြင့် တပ်မဟာ (၄) တပ်ရင်း (၉)၊ တပ်ရင်း (၂) ဒေသတွေကပါ။ မုံးပေါ်က နေရာကျယ်ပြန့်တော့ ရွာတွေပြန့်ကြဲပြီး ခိုအောင်းနေကြတာ တော်တော်များတယ်။ လမ်းပေါ်မှာရောက်နေတာ များနေတုန်းပဲ။ စုလိုက်ရင် တထောင်ကျော်လောက် ရှိနေတယ်။ တစုတစည်းတည်း အမြန်ဆုံး နယ်စပ်ကို ရောက်လာအောင်ဆိုတဲ့ ဆန္ဒလည်းပါမယ်”

ဒုက္ခသည်တွေကို KIO က သွားရေးလာရေး ကိစ္စတွေ အကူအညီ ပေးနေကတယ်လို့လည်း ဆိုပါတယ်။ အစိုးရတပ် ထိန်းချုပ်တဲ့ ရွာတွေက ထွက်ပြေးသူတွေကို သူပုန်အဖြစ် သတ်မှတ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း ဒေသခံတွေကတဆင့် သိရတယ်လို့ KIO က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း KIO နဲ့ အစိုးရတပ်တွေ တိုက်ပွဲ စဖြစ်ပွားခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ နောက်ပိုင်း နယ်စပ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည် အမြောက်အမြား ရှိသလို လောလောဆယ် ကြိုးကြားကြိုးကြား တိုက်ပွဲ ပြန်ဖြစ်နေတာကြောင့် နေ့စဉ် KIO ဌာနချုပ် လိုင်ဇာမြို့ကို ဝင်ရောက်လာသူတွေ ရှိနေတယ်လို့ သိရပါတယ်။
လိုင်ဇာအခြေစိုက် ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုလာရစ်က အခုလို ပြောပါတယ်။

“မနေ့က ၁ ရာကျော် ထပ်ရောက်လာတယ်။ အနီးတဝိုက် နမ့်ဆန်ယန်၊ နားလုံ၊ လွယ်မောက်ယန်၊ တုံဟုန်း နောက် ငှက်ပျောခြံ ရှိတဲ့ဘက် အခုစစ်ပွဲရှိနေတဲ့ နေရာတွေမှာ။ ရောက်ရောက်ချင်းတော့ လိုင်ဇာမှာရှိတဲ့ ဒုက္ခသည် ယာယီစခန်းတွေမှာ ရှိတဲ့ဟာတွေနဲ့ သွင်း ထည့်ပြီးမှ အဲဒီမှာ နေကြတာပေါ့။ မိုင်ဂျာယန်ဘက်မှာ ထပ်ထိုးလာတာ ရှိတယ်။ တချို့တွေက ရှမ်းပြည်နယ်က ရောက်လာတာတွေ ရှိတယ်။ ထူးခြားတာက တချို့က KIO ထိန်းချုပ်နယ်မြေထဲကို ရောက်လာတာရှိတယ်၊ တချို့တွေက တရုတ်ပြည်ဘက်ကမ်းကို ဖြစ်သလို ကူးသွားတာတွေ ရှိတယ်”

လောလောဆယ် လိုင်ဇာမြို့မှာ ဒုက္ခသည် ၂ သောင်းလောက် ရှိနေပြီး တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်မှာ ၅ ထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။