ကချင်စစ်ပြေးဒုက္ခသည် ရေဘေးနှင့် ရင်ဆိုင်နေရ
2012.09.04

ဥရုချောင်းရေကြီး ရေလျှံပြီး ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဘုရားရှိခိုးကျောင်းနဲ့ ပတ်ဝန်းကျင် အနိမ့်ပိုင်း ရပ်ကွက်တွေကို ရေတွေ ဝင်ရောက်လာတဲ့အတွက် အခုလို စစ်ပြေးဒုက္ခသည်တွေ ရေဘေးနဲ့ ကြုံရတာလို့ ဖားကန့် နှစ်ချင်းခရစ်ယာန် အသင်းတော်ရဲ့ သင်းအုပ်ဆရာ ဦးတူးဂျာ က ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် အနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဖားကန့်မြို့နဲ့ ဥရုချောင်း အထက်ပိုင်း၊ လုံးခင်း၊ နန့်မဖြစ်၊ မှော်စီဆာစတဲ့ ကျေးရွာတွေမှာလည်း ရေဘေးဒဏ်တွေ ဆိုးဆိုးဝါးဝါးကြုံရမယ့် အလားအလာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအတောအတွင်း ဖားကန့် ကျောက်စိမ်း တူးဖော်ရေးဒေသမှာ လုံခြုံရေး ကင်းမဲ့လာနေတဲ့ အခြေအနေတွေကို အမြန်ဆုံး ကူညီဖြေရှင်းပေးဖို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ဒေသခံ ပြည်သူလူထုတွေကိုယ်စား ကချင်ပြည်နယ် NLD ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဒါရှီလဆိုင်းက တောင်းဆိုစာ ပေးပို့လိုက်တယ်လို့ ဦးဒါရှီလဆိုင်းက RFA ကို ပြောပါတယ်။
ဖားကန့်ဒေသ မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် ပြီးခဲ့တဲ့လ ၂၉ ရက်နေ့ကလည်း ဗုဒ္ဓဘာသာ ဂေါပကလူကြီးတွေ၊ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုရေး အဖွဲ့အစည်းတွေဟာ ဖားကန့်မြို့၊ မော်ဝမ်းရပ်၊ သဘာဝကျောက်ဆောင် လှိုဏ်ဂူကျောင်းတိုက်၊ မေတ္တာရှင် လူမှုကူညီရေးအသင်း ရုံးခန်းမှာ အရေးပေါ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ပြီး ကချင်ပြည်နယ်အစိုးရနဲ့ KIO အဖွဲ့တို့ကို ငြိမ်းချမ်းရေးအတွက် တောင်းဆိုတဲ့စာတွေ ပေးပို့ခဲ့ကြပါတယ်။