ကချင် အနုပညာရှင်တွေရဲ့ဖျော်ဖြေပွဲ ပိတ်ပင်ခံရ
2012.04.02

ကချင် အနုပညာရှင်တွေရဲ့ဖျော်ဖြေပွဲ အစီအစဉ် ပိတ်ပင်ခံရတဲ့အကြောင်း ပွဲစီစဉ်သူ အသင်းအုပ်ဆရာတစ်ယောက်က ပြောပြပါတယ်။
"မိုးမောက်မှာလည်း စစ်ပြေးဒုက္ခသည်ရှိတာပေါ့။ ဗန်းမော်မှာလည်း ရှိတယ်။ အဲဒီအခါ ကချင်အနုပညာရှင်များက နေပြီးတော့မှ သူတို့ရဲ့ စိတ်နှလုံးကို ဖျော်ဖြေပေးဖို့ဆိုပြီးမှ လာကြတာ။ ရန်ကုန်က တစ်ဖွဲ့၊ ရှမ်းပြည်နယ်က တစ်ဖွဲ့၊ မြစ်ကြီးနားက တစ်ဖွဲ့ အားလုံးစုပေါင်းပြီးတော့ ဒုက္ခသည်တွေကို လာဖျော်ဖြေတာပေါ့။ အာဏာပိုင်တွေက အခုပိတ်ပင်နေတာဗျ။ ဗန်းမော်ခရိုင် နှစ်ခြင်းအသင်းတော်ကို ဖုံးဆက်လာတာဗျ။ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က နိုင်ငံရေးအခြေအနေ မကောင်းဘူးပြောပြီးမှ အဲလိုလုပ်တာဗျ"
ဧပြီလ ၂ရက်နေ့ ဗန်းမော်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အောင်လာ၊ အဒဲ့ စတဲ့ ကချင်အဆိုတော် အပါအဝင် အဆိုတော် ၂၀ လောက်က ဒုက္ခသည်တွေကို ဖျော်ဖြေမယ့်ပွဲကိုလည်း ပိတ်ပင်လိုက်တယ်လို့ အဆိုပါ ပွဲစီစဉ်သူက ဆက်ပြောပါတယ်။
"ဗန်မော်နဲ့ မိုးမောက်မှာ ဘာမှ စိုးရိမ်စရာမရှိဘူး။ ကျွန်တော်တို့ ဘာသာရေးဝင်းဆိုတာ ဘယ်သူမှလည်း ဖောက်ခွဲတာမျိုး ကေအိုင်အိုဘက်ကလည်း လာလုပ်မှာ မဟုတ်ဘူး။ လုံခြုံရေးအပိုင်းကို လူငယ်တွေက အကုန်လုံး အစီအစဉ်လုပ်ပြီးပါပြီ။ အုပ်ချုပ်ရေးမှူးက ဟိုဟာဖြစ်တယ်၊ ဒီဟာဖြစ်တယ် ပြောနေတဲ့အခါကျတော့ အားလုံးက စိတ်မကောင်းကြဘူးဗျာ"
လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကချင်အသက်ကြီး အဆိုတော်တွေ မိုးမောက်မြို့ရှိ စစ်ပြေးဒုက္ခသည်တွေကို ဖျော်ဖြေရာမှာတော့ ဘာအတားအဆီးမှ မရှိခဲ့ဘူးလို့ သိရပါတယ်။
မိုးမောက်မြို့မှာ ဒုက္ခသည် ၂၀၀၀ ကျော်ရှိပြီး ဗန်းမော်မြို့မှာလည်း ထောင်ဂဏန်းလောက် ရှိတယ်လို့ သိရပါတယ်။ ကေအိုင်အိုနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေအတွက် အနုပညာရှင်တွေက ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ရန်ကုန်မှာ ပြီးခဲ့တဲ့လက ရန်ပုံငွေရှာတဲ့ပွဲတွေလည်း လုပ်ခဲ့ကြပါတယ်။