ဘိန်းစိုက်ခင်း ၆ ခုကို သွားရောက် စစ်ဆေးဖို့ သဘောတူဆုံးဖြတ်


2016.02.20
poppy-destroy-620.jpg ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝေမိုးကျေးရွာအုပ်စု တရုတ်မဂါကျေးရွာအနီးမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်းတွေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့က တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေ စုပေါင်းဖျက်ဆီးစဉ်။
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဆဒုံးနဲ့ ကန်ပိုက်တီ ဒေသတစ်ဝိုက်မှာ ဘိန်းခင်းတွေ သွားရောက်ဖျက်ဆီးမယ့်အဖွဲ့ ဟာ မနေ့က ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး ဘိန်းစိုက်ခင်းတွေရှိနိုင်တဲ့ နေရာ ၆ ခုကို အရင်ဆုံးသွားရောက် ကွင်းဆင်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဘိန်းစိုက်ခင်းတွေရှိနိုင်တဲ့နေရာ ၆ ခုထဲမှာ ဝေမိုး၊ စင်ကြိုင်၊ မော်စီတုံး၊ တာကြားဟော့ စတဲ့ ရွာပေါင်း သုံးဆယ်လောက်ပါဝင်တယ်လို့ ဝိုင်းမော်မြို့နယ် ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဘရန်ရှောင်က ပြောပါတယ်။

"ကျနော်တို့အနေနဲ့တော့ လူစုခွဲပြီးတော့ လေ့လာတဲ့ ဒီအစီအစဉ်လုပ်ပေမယ့် လုပ်ရင်းနဲ့ လူထုအားလုံး ငြိမ်းအေးကြဖို့ အဲ့ဒါအဓိကဖြစ်တယ်၊ လူထုအားလုံး မထွက်ခင်လေးမှာ လုပ်လို့ရတဲ့အစီအစဉ်တစ်ခု ပေါ် လာတဲ့အတွက်ကြောင့် အဲ့ဒါလည်း လုပ်သင့်မယ်လို့ ကော်မတီအနေနဲ့ အဲ့လိုသုံးသပ်ပြီးတော့ နယ်လုံနဲ့ ပြန်ညှိဖို့ အဲ့လိုစီစဉ်နေတာ"

ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး သွားရောက်ဖို့ လူစာရင်းတင်ပြလာရင် အစိုးရဘက်က လုံခြုံရေးယူပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ လုကြည်၊ လဖိုင်၊ ထန်းမိုခမ်း စတဲ့ ကျေးရွာတွေနဲ့ မန်ဒုံချောင်းဖျားတစ်ဝိုက်မှာ ကေအိုင်အေ တပ်တွေက လှုပ်ရှားမှုတွေရှိလာတဲ့အတွက် အစိုးရတပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရင် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ၊ ကချင်အထူးဒေသ ( ၁ ) နဲ့ ဂွေထုဒေသ ဌာနေပြည်သူ့စစ်အဖွဲ့ စတဲ့နယ်မြေတွေမှာ ဘိန်းစိုက်ပျိုးလုပ်ကိုင်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနှစ် ဇန်နဝါရီလဆန်းပိုင်းကစပြီး အခုအချိန်အထိ ကချင်ပြည်နယ်မှာ ဘိန်းစိုက်ခင်းဧက သုံးထောင်ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဒေါန်ခေါန်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။