စီးပွားရေးဇုန်စီမံကိန်း နေရာပြောင်းရွှေ့ပေးရန် ဒေသခံတောင်သူများ တောင်းဆို
2012.09.24
ဒီကနေ့မနက်ပိုင်းက ဝိုင်းမော်မြို့နယ်၊ လဝမ်ကျေးရွာမှာ ပြုလုပ်တဲ့ တောင်သူ လူထုဆန္ဒခံယူပွဲမှာ တက်ရောက်လာတဲ့ ဒေသခံ တောင်သူတွေ အားလုံးက တညီတညွတ်တည်း အခုလို ဆန္ဒဖော်ထုတ်ခဲ့ကြပြီး စီမံကိန်းကို ကန့်ကွက်တာ မဟုတ်ကြောင်း တစ်ခြားနေရာကို ပြောင်းရွှေ့ခိုင်းခြင်းသာဖြစ်ကြောင်း မိုင်းနားကျေးရွာက တောင်သူ ဦးအောင်ထွေးက RFA ကိုပြောပါတယ်။
စီမံကိန်းတစ်ခုခု အကောင်အထည် ဖော်မယ်ဆိုပါက ပြည်သူလူထုကို အသိပေးဖို့ လိုအပ်ကြောင်း တောင်သူတစ်ဦးဖြစ်တဲ့ လဝမ်ကျေးရွာသူ တစ်ဦးကလည်း အခုလိုပြောပါတယ်။
"အခုလို စီမံကိန်းတွေ ဝင်လာမယ်ဆိုရင် တောင်သူတွေအတွက် ဆုတ်ယုတ်မှုအများကြီး ရှိလာမယ်။ ဒီနီးနီးနားနားမှာ လုပ်လို့ရှိရင် ပြည်သူတွေအတွက် ဆိုးကျိုးတွေ အများကြီးရှိလာမယ်။ လေထုညစ်ညမ်းမယ်။ ရေညစ်ညမ်းမယ်။ စိုက်ပျိုးရေး ဆိုရင်လည်း နီးနီးနားနားမှာ လုပ်စားလို့ မရတော့ဘူး။ တောင်သူတွေအတွက် အများကြီးဆုတ်ယုတ်မှု ရှိလာမဲ့ အတွက်ကြောင့် ဒီစီမံကိန်းကို ကန့်ကွက်တာ မဟုတ်ဘဲနဲ့ တခြားနေရာ ပြောင်းရွေ့ပေးဖို့ ဆန္ဒရှိပါတယ်လို့။ တကယ်တမ်း စီမံကိန်းတစ်ခုခု ချမှတ်တော့မယ်ဆိုရင် ပြည်သူလူထုတွေကိုတော့ တိုင်ပင်သင့်တယ်။ ပြည်သူလူထုတွေကို အသိပေးသင့်တယ်။ အသိပေးပြီးမှ ပြည်သူလူထုရဲ့ ဆန္ဒအရသာ ဒီစီမံကိန်းကို ထုတ်ဖော်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်"
မိုင်းနားကျေးရွာ အုပ်ချုပ်ရေးမှူးကတော့ ဒီစီမံကိန်း အကောင်အထည် ဖော်မဲ့ကိစ္စကို သူ မသိရှိထားဘူးလို့ ဒီကနေ့ ဆန္ဒခံယူပွဲမှာ တောင်သူတွေကို ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ ဆန္ဒဖော်ထုတ်ပွဲကို ဒေသခံပြည်သူနဲ့ တောင်သူ ၇၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။