လွှတ်တော်မှာ စစ်အစိုးရ ဖွဲ့စည်းပုံအတိုင်း ပြန်ဖြစ်လာ
2011.01.31

ပြည်သူ့လွှတ်တော်ကို မနက် ၈ နာရီ ၅၅ မိနစ်က စတင်ခဲ့ဲပြီး နေ့လည် ၂ နာရီခွဲမှာ ပြီးဆုံးခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ကို ၃ နာရီမှာ စတင်ပြီး ညနေ ၄ နာရီ ၁၅ မိနစ်မှာ ပြီးဆုံးခဲ့တာပါ။ ဒီကနေ့ လွှတ်တော် စတင် ကျင်းပတာနဲ့ပတ်သက်ပြီး NDF လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက အခုလိုပြောပြပါတယ်။
“ပထမနေ့ အနေနဲ့ကတော့ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ ရွေးတယ်ပေါ့ဗျာ။ အဲ ဥက္ကဋ္ဌက ဦးရွှေမန်း၊ ဒု ဥက္ကဋ္ဌက နန္ဒကျော်စွာ၊ နန္ဒကျော်စွာဆိုတာ ဒဂုံမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါ့။”
ပြည်သူ့လွှတ်တော် သဘာပတိအဖြစ် ဗိုလ်ချုပ်ဌေးဦးကို ရွေးချယ်လိုက်တာ ဖြစ်ပြီး အမျိုးသားလွှတ်တော် သဘာပတိအဖြစ် ကချင်ပြည်နယ်က အမတ်တဦးဖြစ်တဲ့ ဦးကက်ထိတ်နမ် ဖြစ်ပါတယ်။ ပြည်သ့ူ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးရွှေမန်းကို ရွေးချယ်ခဲ့ပါတယ်။
မနက်ဖြန် ၁၀ နာရီမှာ လွှတ်တော်အမတ်တွေအားလုံး လွှတ်တော်အစည်းအဝေးပြန်တက်ဖို့ ဖိတ်ခေါ်ထားပါတယ်။ မနက်ဖြန်မှာ ဒုတိယ သမတလောင်း ၃ ဦးကို ပြည်သူ့ လွှတ်တော်။ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား အစုအဖွဲ့ကနေ တဦးစီ အမည်တင်သွင်းပေးဖို့ အစီအစဉ်ကို လုပ်ဆောင်မှာ ဖြစ်ကြောင်းသိရပါတယ်။ အဲဒီ ဒုတိယ သမတလောင်း ၃ ဦးထဲကမှ သမတကြီးကို ပြည်ထောင်စု လွှတ်တော်ကနေ ပြန်လည် ရွေးချယ် တင်မြှောက်ရမှာ ဖြစ်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် ဖွင့်ပွဲမှာလည်း ပထမဆုံး သဘာပတိ ရွေးချယ်ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ နေရာတွေကို မဲစနစ်နဲ့ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုရွေးချယ်ရာမှာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ နေရာတွေအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေသာ ရရှိသွားခဲ့တဲ့အတွက် တိုင်းရင်းသားပါတီတချို့က ဝေဖန်နေကြပါတယ်။
ချင်းပြည်နယ်မှာဆိုရင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဟောက်ကင်းခန် နဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးအုန်းလွင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးကြင်ဖေ ၊ ဒုတိယ ဥက္ကဋ္ဌ နေရာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဌေးလွင်တို့ ရခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗိုလ်မှူးကြီးဟောင်း စိန်တင်ဝင်း ၊ ဒုတိယဥက္ကဋ္ဌက ဦးတင်အောင် ဖြစ်တယ်လို့သိရပါတယ်။
အလားတူ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာလည်း ကြံ့ခိုင်ဖွံ့ြ့ဖိုးရေးပါတီက ကိုယ်စားလှယ်တွေသာ အရွေးခံခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်နယ် ဝန်ကြီးချုပ်တွေအဖြစ် ရန်ကုန်တိုင်းမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ မန္တလေးမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၊ စစ်ကိုင်းတိုင်းမှာ ဒုတိယ ဗိုလ်ချုပ်ကြီး သာအေးတို့ကို ခန့်ထားဖို့ လျာထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ယခင်သူတို့တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တိုင်းတွေမှာ ပြန်လည် တာဝန်ပေးအပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီနေ့ အစည်းအဝေးကို နေ့တဝက် လောက်မှာ အပြီးသတ်ရုပ်သိမ်းလိုက်ပြီး လာမဲ့ သမတ ရွေးချယ်ပြီးမှသာ နောက်ထပ် ပြည်နယ် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွေကို ပြန်လည် စတင်ဖို့ ရှိတယ်လို့ သိရပါတယ်။
လွှတ်တော်ခေါ်ယူခဲ့တာနဲ့ ပတ်သက်ပြီး RFA မှ ဦးဇော်မိုးကျော်နဲ့ ဒေါ်ခင်ခင်အိတို့က နေပြည်တော်ရောက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |