ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ အဓိကရုဏ်းဖြစ်အောင် စွမ်းအင်ရှင် ကြိုးစား

နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချု ပ်ရုံးမှာ လူထုဟောပြောပွဲတရပ် ကျင်းပခဲ့ရာမှာ ပြည်သူလူထု သိန်းဂဏန်း တက်ရောက်ခဲ့ပါတယ်။

2010.11.15
assk_greet_11-14-2010_305_z.png နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် ဝိုင်းဝန်းဆီးကြိုသော လူထု ပရိသတ်နှင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အဲဒီဟောပြောပွဲမှာ စွမ်းအားရှင် ဆိုသူတွေလည်း လူထုကြားမှာ ရောနှော ဝင်ရောက်ပြီး မငြိမ်မသက် အဓိကရုဏ်း ဖြစ်အောင် ဆူပူရန်စမှုတွေ လုပ်ခဲ့ကြတယ်လို့ ဟောပြောပွဲ တက်ရောက်ခဲ့သူ ရန်ကုန်မြို့ခံ တယောက်က ပြောပါတယ်။

“အဲဒီ သူတို့တွေက မူးယစ် သောက်စားပြီးတော့ လူတွေကို ရန်ဖြစ်အောင်၊ မဖြစ်ဖြစ်အောင် လုပ်တယ်။ တမင်တကာ ဖန်တီးကြတာပေါ့နော်။ ဒီ အဖွဲ့ဖက်က လူတွေက အော်တာကကျတော့ အမေစု ကျန်းမာပါစေ၊ ချမ်းသာပါစေ ဒါတွေတော့ အော်ကြတာပေါ့နော်။ ဒီ စွမ်းအားရှင်တွေဖက်ကကျတော့ မူးပြီးတော့ပေါ့နော်၊ ဘာကို ကျန်းမာရမှာလဲ၊ ဘာကို ချမ်းသာရမှာလဲ ပေါ့နော်၊ အဲလို အော်တဲ့အခါကျတော့ တချို့ လူငယ်တွေက အရမ်းစိတ်ဆိုးကြတာပေါ့နော်။ NLD က လူငယ်တွေက ပြောတာပေါ့၊ ဟို ဘာဖြစ်လို့လဲ မူးနေတယ်ဆိုလို့ရှိရင် ဒီ့ပြင်နေရာကို သွားပေးပါပေါ့၊ ဒီနေရာမှာ မနေပါနဲ့ပေါ့။ အဲလိုမျိုး ပြောတဲ့အခါကျတော့ ငါတို့ အော်တာ ဘာဖြစ်လဲ၊ မင်းတို့က ဘာမို့လို့လဲ အဲလို အရမ်းရန်ရှာတာပေါ့။”

စွမ်းအားရှင်တွေဟာ လျှာထိုးဦးထုပ် အနီနဲ့ အပြာရောင်တွေ ဆင်တူ ဆောင်းထားကြတယ်လို့ ပြောပါတယ်။ သူတို့ကို လူအုပ်ထဲမှာ ကြားညှပ်ထည့်ထားပြီး ဆယ်ပေလောက်အကွာမှာ သုံးယောက်စီ ရှိနေကြတယ်လို့ သိရပါတယ်။

အဓိကရုဏ်းဖြစ်အောင် ဆူပူရန်စမှုတွေ လုပ်ခဲ့ကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်အတိုင်း လူထုဖက်က စည်းကမ်းတကျ သည်းခံခဲ့ကြတဲ့အတွက် ဆူပူမှု တစုံတရာ မဖြစ်ပွားခဲ့ကြောင်းလည်း ရန်ကုန်မြို့ခံက ပြောပါတယ်။

ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်တွေမှာ အာဏာပိုင်တွေက စွမ်းအားရှင်တွေ စုဆောင်းနေတဲ့သတင်းနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ ရပ်ကွက်သူတဦးက ခုလို ဖြေကြားပါတယ်။

“ဟုတ်ပါတယ်၊ ညီမတို့ ဆင်ခြေဖုံး ရပ်ကွက်မှာလည်း အဲလိုမျိုးပါပဲ၊ ငှားပါတယ်၊ ညီမတို့ ဒီ ဒေါပုံမှာလည်း အဲဒီအတိုင်းပဲ ငှားနေပါတယ်။ ဘယ်လိုလူတွေကို ငှားလဲ ဆိုလို့ရှိရင် ကြံ့ခိုင်ရေးတွေ၊ ဒီ ဆားစက်တွေ၊ xxxxxxx xxxxxx xxxxx ကုန်သွယ်လယ်ယာတွေက ပိတ်ထားတော့ အလုပ်က သိပ်မရှိကြဘူးလေ၊ အလုပ် သိပ်မရှိကြတဲ့အခါကျတော့ အဲဒီကလူတွေကို ငှားပါတယ်။”

တယောက်ကို ကျပ်ငွေ သုံးထောင်ပေးပြီး ငှားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒလနဲ့ သာကေတဖက်မှာ ရွေးကောက်ပွဲတုန်းကလည်း မဲရုံစောင့် တယောက်ကို ကျပ်ငွေနှစ်ထောင်နဲ့ ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-16 13:34

that it no good very becearful

Anonymous
2010-11-17 14:20

ခေါင်းစဉ်တွင် စွမ်းအားရှင်ဟု သတ်ပုံ အမှန်ပြန်ပြင်ပေးပါရန်။

Anonymous
2010-11-15 22:12

ထိုကဲ့သို့ နှောက်ယှက်သော စွမ်းအားရှင် များ ကြံဖွတ်များကို ဓါတ်ပုံရိုက်ယူထားစေချင်ပါသည်

Anonymous
2010-11-16 04:47

http://www.docstoc.com/docs/61867671/2010_November_14_ThanShwe_order_KhinYee_and_TheinSein_to_combine_to_take_out_Daw_Aung_San_Suu_Kyi