UN တံဆိပ်သုံးပြီး စစ်ကောင်စီလှုပ်ရှားနေတယ်ဆိုတဲ့ကိစ္စ စုံစမ်းစစ်ဆေးပေးဖို့တောင်းဆို

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.04.08
UN တံဆိပ်သုံးပြီး စစ်ကောင်စီလှုပ်ရှားနေတယ်ဆိုတဲ့ကိစ္စ စုံစမ်းစစ်ဆေးပေးဖို့တောင်းဆို ကုလသမဂ္ဂ အမှတ်တံဆိပ်။
Photo: Reuters

ကုလသမဂ္ဂရဲ့ အမှတ်တံဆိပ်တွေကို အသုံးချပြီး မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားနေတယ်ဆိုတဲ့ကိစ္စကို ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Myanmar Accountability Project (MAP) က တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံတိုက်ပွဲတွေအတွင်း စစ်ကောင်စီက ကုလသမဂ္ဂတံဆိပ်ကပ်ထားတဲ့ ကားတွေကို အသုံးပြုခဲ့တဲ့အကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်ကို ဒေသခံသတင်းဌာနဖြစ်တဲ့ မဲခေါင်သတင်းမှာ ဧပြီလ ၅ ရက်နေ့က ဖော်ပြခဲ့တာဖြစ်ပါတယ်။

MAP အဖွဲ့ခေါင်းဆောင် ခရစ္စတိုဖာဂန်းနက်က ဒါဟာ ကုလသမဂ္ဂရဲ့ လှေပေါ်မှာ စစ်ကောင်စီလက်နက်တွေ သယ်ခွင့် ပြုခဲ့တဲ့ကိစ္စအပြီး နောက်ထပ်ပေါ်လာတဲ့ စုံစမ်းစစ်ဆေးရမယ့် ကိစ္စတစ်ခုဖြစ်တယ်လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေး ရှေ့ပြေးစီမံကိန်းအတွက် ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းမှာ စစ်ကောင်စီတာဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သွားခဲ့တဲ့အချိန်တုန်းကလည်း ကုလသမဂ္ဂက လှေတွေကူညီပေးခဲ့တယ်လို့ ဌာနေ UNHCR ရုံးကနေ ပေါက်ကြားလာတဲ့ အီးမေးလ်တွေကို အခြေခံပြီး MAP အဖွဲ့က စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂဘက်ကတော့ ဒီလိုပါဝင်ပတ်သက်တယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ ငြင်းဆိုခဲ့တာပါ။

လှေကူညီပေးနေတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် လှေပေါ်က UN တံဆိပ်တွေကိုဖယ်ရှားခဲ့ပေမဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့နဲ့ လက်နက်တွေကို အဲဒီလှေနဲ့ပဲ တင်ဆောင်ခဲ့တယ်လို့ MAP အဖွဲ့က ထပ်ပြောထားပါတယ်။

ဒီကိစ္စတွေကို ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ MAP အဖွဲ့က ဦးဆောင်လက်မှတ်တွေကောက်ယူနေပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပေးပို့ဖို့လည်း လုပ်ဆောင်နေပါတယ်။

ကုလသမဂ္ဂရဲ့ အမှတ်တံဆိပ်တွေကို အသုံးချပြီး မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားနေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်ပါဘူး။

ကုလသမဂ္ဂဘက်ကလည်း ဘာမှထုတ်ပြန်ပြောဆိုတာ မရှိသေးသလို ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီကို‌ မေးမြန်းဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီကို RFA က ဖုန်းခေါ်ခဲ့ပေမဲ့ ဖုန်းခေါ်လို့ မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။