အောင်ဇေယျစစ်ကြောင်းက စစ်ကောင်စီတပ်သား နှစ်ဆယ်ခန့် KNLA ထံ ခိုလှုံ
2024.12.30

ကရင်ပြည်နယ် မြ၀တီနဲ့ ကော့ကရိတ်မြို့ကြား အာရှလမ်းမကြီးမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား နှစ်ဆယ်ခန့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ထံ ထွက်ပြေးခိုလှုံလာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောပါတယ်။
အဲဒီစစ်ကြောင်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက လနဲ့ချီကြာ ရိက္ခာလမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။
စစ်ကြောင်းမှာ စစ်ကောင်စီတပ်သား အင်အားလေးရာနီးပါး ပါဝင်ပြီး ငှက်ဖျားနဲ့ ဝမ်းရောဂါတွေ ဖြစ်နေသလို ရိက္ခာပြတ်လပ်မှုတွေလည်း ရှိနေတာကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့ထံ ခိုလှုံလာတာလို့ ဒီအခြေအနေကို သိရှိတဲ့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ကို ဒရုန်းတွေနဲ့ ရိက္ခာပို့နဲ့ ဆေးဝါးတွေပို့ပေးပေမဲ့ KNLA ဘက်က ဖြတ်တိုက်တာတွေရှိတော့ လောလောဆယ်အကုန်လုံးက ငတ်ပြတ်နေကြတာပေါ့။ ဒါကြောင့် KNLA ဘက်ကို ခိုလှုံလာကြတာလို့ ပြောလို့ရတယ်။ ဒီဇင်ဘာလတစ်လအတွင်း ခိုလှုံလာတဲ့ အရေအတွက်ပေါ့"
လာရောက်ခိုလှုံလာသူတွေထဲက ဒဏ်ရာရသူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေကို ဆေးကုပေးနေတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဧပြီလက မြ၀တီနဲ့ သင်္ဃန်းညီနောင်က စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ တပ်စခန်းတချို့ကို KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ရေး အောင်ဇေယျနာမည်နဲ့ စစ်ကြောင်းဖွဲ့ပြီး မြ၀တီမြို့အထိ စစ်ကြောင်းထိုးနေပေမဲ့ အာရှလမ်းမကြီးပေါ်မှာ ပိတ်မိနေတာ အချိန်ရှစ်လခန့်ရှိနေပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။