တိုင်းရင်းသားခေါင်းဆောင်တချို့ ပြည်ထောင်စုပြိုကွဲအောင်လုပ်နေကြောင်း စစ်ခေါင်းဆောင်စွပ်စွဲ
2024.12.31

တိုင်းရင်းသားခေါင်းဆောင်တချို့ဟာ ဖက်ဒရယ်နဲ့ တိုင်းရင်းသားအခွင့်အရေးပြောနေပေမဲ့ လက်တွေ့မှာ ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။
၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ထည့်သွင်းပြောဆိုလိုက်တာပါ။
"လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားတယ်လို့ ပြောနေပေမဲ့ လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံတဲ့ လိုအင်ဆန္ဒ သက်သက်နဲ့ လက်နက်ကိုင်ပဋိပက္ခကိုသာ ဖန်တီးနေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထို့အတူပဲ အချို့သောတိုင်းရင်းသား ခေါင်းဆောင်များဟာ ဖက်ဒရယ် အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးလို့ ပြောနေကြသော်လည်း ဒီမိုကရေစီရဲ့ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေကြတာကိုလည်း တွေ့နေရပါတယ်"
ဖြစ်ချင်တာ၊ ဖြစ်သင့်တာတွေကို ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးကိုမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်သင့်တယ်လို့လည်း ဆိုပါတယ်။ စစ်ခေါင်းဆောင်ရဲ့ စွပ်စွဲချက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အမည်ကို တိတိကျကျထည့်သွင်းပြောဆိုတာမရှိပါဘူး။
လွတ်လပ်တဲ့နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေဖို့နဲ့ သူတစ်ပါးလက်အောက်ခံ မဖြစ်စေဖို့အတွက် သွေးစည်းညီညွတ်ဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားပါတယ်။
ပြည်သူတွေကလည်း လက်နက်ကိုင် အဖွဲ့တွေကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။ စစ်ခေါင်းဆောင်ပြောဆိုချက်နဲ့ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားနေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ မြန်မာနိုင်ငံဟာ စစ်တပ်မရှိရင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားမယ့် တိုင်းပြည်မဟုတ်ဘူးလို့ ဩဂုတ်လ ၂၁ ရက်နေ့က ကျင်းပတဲ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုတွေအပေါ် ရှုမြင်ချက်များ အစီအစဉ်မှာ ပြောဆိုထားပါတယ်။
အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုကနေ သီးခြားခွဲထွက်သွားဖို့ ဆန္ဒမရှိဘဲ မြန်မာနိုင်ငံထဲမှာပဲ ရခိုင့်ကံကြမ္မာကို ရခိုင်လူမျိုးတွေကိုယ်တိုင် ဖန်တီးခွင့်ရဖို့ မူကိုကိုင်စွဲပီး ကွန်ဖက်ဒရေးရှင်းအဆင့်ထက်မနိမ့်တဲ့ နိုင်ငံရေးမူနဲ့ ရပ်တည်သွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။