ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA သိမ်း
2023.10.31

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော်ကားလမ်းဘေး ကန်တော်ယန်ရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို အောက်တိုဘာလ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်အဖွဲ့တွေက သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
စစ်ခန်းသိမ်းလိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းနဲ့ တိုက်ခိုက်တာအပြင် မြေပြင်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“စခန်းကတော့ သိမ်းပြီးပြီ။ အခုက ရှင်းလင်းစရာရှိတာ ရှင်းလင်းပြီး ကျွန်တော်တို့ဘက်က စခန်းပြန်ထိုင်ဖို့ လုပ်နေတယ်။ စကစဘက်ကလည်း လေယာဉ်နဲ့လည်း ပြန်လာပစ်တယ်။ ဒီမုန်လိုင်ခက်ဘက်ကိုလည်း လက်နက်ကြီးတွေ ပစ်နေတာတွေရှိတယ်”
အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲဒီတပ်စခန်းကို ဒီနေ့မနက် ၆ နာရီကျော်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၈ နာရီကျော်လောက်မှာ စခန်းသိမ်းနိုင်ခဲ့တာလို့ သူက ဆိုပါတယ်။
KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့နဲ့ အနီးတစ်၀ိုက်မှာလည်း ဒီနေ့မနက်ကတည်းက လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ဒီလိုင်ဇာကနေလည်း လက်နက်ကြီးသံတွေကတော့ ဆက်တိုက်ဆိုသလိုကြားနေတာ။ မုန်လိုင်ခက်ရွာ အနီးအနားတွေမှာ ကျတယ်လို့တော့ကြားတယ်။ ကျွန်တော်တို့လည်းကြောက်တော့ အပြင်မထွက်ဘူး”
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ လုံခြုံရေးကိစ္စတွနဲ့ ပတ်သက်လာရင် သူ့အနေနဲ့ မသိနိုင်ဘူးလို့ RFA ကို အရင်က ဖြေဆိုထားပါတယ်။
အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း မြစ်ကြီးနား-ဗန်းမော်ကားလမ်းဘေး ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ အောင်ဂျာရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နဲ့ မဟာမိတ်အဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။
အောက်တိုဘာ ၉ ရက်နေ့ကတော့ မုန်လိုင်ခက်ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့လို့ ကလေး ၁၁ ဦး အပါအဝင် စုစုပေါင်း လူ ၂၉ ဦး သေဆုံးပြီး၊ ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ KIA က ပြောထားပါတယ်။