NUG နဲ့ မဆွေးနွေးဖို့ အာဆီယံကို စစ်ကောင်စီပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အာဆီယံနိုင်ငံတွေအကြား တွေ့ဆုံဆွေးနွေးတာတွေ မလုပ်ဖို့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဒုဝန်ကြီး Dr. KUNG Phoak နဲ့ ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံချိန်မှာ အခုလိုပြောလိုက်တာလို့ စစ်ကောင်စီဘက်က မနေ့က ထုတ်ပြန်ပါတယ်။
ဒီလိုတွေ့ဆုံဆွေးနွေးတာတွေ ဖြစ်မလာအောင် ကမ္ဘောဒီးယားနိုင်ငံဘက်က တားမြစ်ပေးပါလို့လည်း ဦးဝဏ္ဏမောင်လွင်က ပြောခဲ့ပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တာကိုလည်း ကန့်ကွက်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)၊ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) နဲ့ မလေးရှားအစိုးရ အပါအဝင် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကတော့ အာဆီယံအနေနဲ့ NUG အစိုးရကို တရားဝင်တွေ့ဆုံဖို့ တောင်းဆိုနေပါတယ်။
အာဆီယံက ချမှတ်ထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်တာ မရှိဘူးလို့ ပြောဆိုထားကြတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးမှာ ဒီဘုံသဘောတူညီချက်တွေ တကယ် အလုပ်ဖြစ်၊ မဖြစ်ဆိုတာ ပြန်သုံးသပ်ဖို့နဲ့ နောက်ထပ် အစီအစဉ်တစ်ခုနဲ့ အစားထိုးသင့်၊ မသင့်ဆိုတာကို ပြန်ဆုံးဖြတ်ကြဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်း သွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောဆိုထားပါတယ်။