လက်နက်ပွဲစား ဦးထွန်းမင်းလတ် အပြစ်မရှိကြောင်း ထိုင်းတရားရုံးဆုံးဖြတ်

ငွေကြေးခဝါချမှု၊ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီလက်နက်ပွဲစား ဦးထွန်းမင်းလတ်မှာ အပြစ်မရှိကြောင်း ထိုင်းတရားရုံးက ဆုံးဖြတ်လိုက်တယ်လို့ ဇန်နဝါရီလ ၃ဝ ရက် ဒီကနေ့ထုတ် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဦးထွန်းမင်းလတ်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီး ပြစ်မှု ၃၂ မှုနဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိတဲ့ အထောက်အထားတွေဟာ ပြစ်မှုကျူးလွန်ကြောင်း သက်သေမပြနိုင်တာကြောင့် အပြစ်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်တာပါ။
ဒီနေ့ချမှတ်လိုက်တဲ့အမိန့်ကို မကျေနပ်ရင် အမှုစွဲထားတဲ့ အစိုးရရှေ့နေဘက်က အယူခံတက်နိုင်ပါတယ်။
ဖမ်းဆီးတဲ့အချိန် ဦးထွန်းမင်းလတ်ဆီက သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားနဲ့သမီး ပိုင်ဆိုင်မှုတွေလည်း ပါဝင်ကြောင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice For Myanmar အဖွဲ့က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။
ဦးထွန်းမင်းလတ်ဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လူယုံတစ်ဦးဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။