တောင်ကြီးမှာ သတင်းထောက်သုံးဦးနဲ့ မိသားစုဝင် တစ်ဦး ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ

2021.12.10
တောင်ကြီးမှာ သတင်းထောက်သုံးဦးနဲ့ မိသားစုဝင် တစ်ဦး ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ ထောင်ဒဏ်ချမှတ်ခံရတဲ့ တောင်ကြီးမြို့အခြေစိုက် ကမ္ဘောဇတိုင်းမ် သတင်းဌာနက အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်နဲ့ စိုင်းစည်သူတို့ကို တွေ့ရစဉ်
Photo: Kanbawza Tai News

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အခြေစိုက် ကမ္ဘောဇတိုင်းမ် သတင်းဌာနက အယ်ဒီတာ တစ်ဦး၊ သတင်းထောက် နှစ်ဦးနဲ့ မိသားစုဝင်တစ်ဦး စုစုပေါင်း လေးဦးကို တောင်လေးလုံး အကျဉ်းထောင်တွင်း တရားရုံးကနေ ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်လို့ ကမ္ဘောဇတိုင်းမ် သတင်းအယ်ဒီတာတွေက RFA ကို အတည်ပြုပြောဆိုပါတယ်။

ဒီဇင်ဘာလ ၁၀ရက်နေ့ ဒီကနေ့ နေ့လယ်ပိုင်းမှာ သတင်းထောက်တွေကို အမိန့်ချမယ်လို့ ကြိုတင်ချိန်းဆို ထားပေမယ့် သတင်းထောက်တွေရဲ့ ရှေ့နေရောက်မလာခင် မနက်ပိုင်းမှာပဲ အမိန့်ချခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေဟာ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်နဲ့ သတင်းသမားအဖြစ် စွပ်စွဲခံရတဲ့ နေအိမ်အစောင့်ဖြစ်သူ စိုင်းစည်သူတို့ ဖြစ်ပါတယ်။

သူတို့လေးဦးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိမ်းရှောင်နေရင်း မတ်လ ၂၄ ရက်နေ့က ဟိုပုံးမြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅(က) နဲ့ တရားစွဲဆိုခံထားရတာလို့ သတင်း အယ်ဒီတာတွေက ပြောပါတယ်။

ဧပြီလ ၈ ရက်ကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ဒီကနေ့အထိ ရုံချိန်း ၁၉ ကြိမ်မြောက်မှာ အခုလို ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ လက်ရှိမှာ ကျန်တဲ့ သတင်းအယ်ဒီတာနဲ့ သတင်းထေက်တွေ ဟာလည်း တိမ်းရှောင်နေရဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီခံထားရတဲ့ သတင်းထောင်တွေ အဖြစ် ကမ္ဘောဇတိုင်းမ်သတင်းဌာနက လေးဦး၊ သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ် မြဝန်ရံ၊ ရှမ်းပြည် မြောက်ပိုင်း လားရှိုးအခြေစိုက် ရွှေဖီမြေသတင်းဌာနက လွေးအမ်ဖောင်တို့ အပါအဝင် စုစုပေါင်းခြောက်ဦးရှိပြီး ဒေသအခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်းက မဲခေါင်သတင်းဌာန၊ တာချီလိတ် သတင်း အေဂျင်စီနဲ့ ရှမ်းတောင်အခြေစိုက် ကမ္ဘောဇတိုင်းမ်အပါအဝင် ပအိုဝ့်တိုင်းရင်းသား မီဒီယာအချို့၊ ရှမ်းမြောက် အခြေစိုက် ရွှေဖီမြေ၊ မာနဂါးစတဲ့ တိုင်းရင်းသားမီဒီယာသတင်းဌာန တွေဟာလည်း လုံခြုံရာဒေသကို ရွှေ့ပြောင်းပြီး သတင်းလုပ်ငန်းကို လုပ်ကိုင်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။