မြန်မာမှာအလုပ်ထုတ်ခံရမှု ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ILO ထုတ်ပြန်
2023.08.12
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားဦးရေ ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း အလုပ်အကိုင်ရပ်စဲခံရမှု ၂၃.၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ပြီး အလုပ်နှုတ်ထွက်မှုကလည်း ၂၂ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရပ်စဲမှုနဲ့ လုံခြုံစိတ်ချရတဲ့ ဝင်ငွေရှိ မရှိ ILO က စစ်တမ်း ကောက်ယူပြီး ထုတ်ပြန်ခဲ့တာပါ။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၉.၅ ရာခိုင်နှုန်းသာ နစ်နာကြေးရရှိကြပြီး အမျိုးသမီးတွေနဲ့ အသက် ၁၅ နဲ့ ၂၄ ကြား လူငယ်တွေက အမျိုးသားတွေ နဲ့ ဝါရင့်အလုပ်သမားတွေထက် နစ်နာကြေး ရရှိတာ ပိုနည်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ILO ရဲ့ ဆက်သွယ်ရေးအရာရှိ Donglin Li က မြန်မာနိုင်ငံက အလုပ်သမားတွေဟာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရကြောင်း၊ မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့ နဲ့ သူတို့အတွက် ကာကွယ်စောင့်ရှောက်ရေးတွေ တိုးတက်ကောင်းမွန်ဖို့ အရေးတကြီးလိုအပ်နေပြီလို့ပြောပါတယ်။