မင်္ဂလာဒုံ စက်မှုဇုန် အလုပ်သမားကိုယ်ရေးအချက်အလက်များပေးရန် စစ်ကောင်စီ ညွှန်ကြား
2023.04.28
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာ စက်မှုဇုန်မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေအားလုံးရဲ့ ဝန်ထမ်း ကိုယ်ရေးအချက်အလက်တွေကို အခုလ ဧပြီလ ၂၉ နေ့ နောက်ဆုံးထားပြီး မင်္ဂလာဒုံ တပ်နယ်မှူးရုံး၊ ခရိုင်အုပ်ချုပ်ရေးရုံးနဲ့ မြို့နယ် အုပ်ချုပ်ရေးရုံးတွေဆီကို ပို့ပေးရမယ်လို့ စာပို့ထားကြောင်း စက်ရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။
ဧပြီလ ၁၉ ရက်နေ့က မင်္ဂလာဒုံတပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်မင်းဦး ဦးဆောင်ကျင်းပတဲ့ ဇေကမ္ဘာ စက်မှုဇုန်စက်ရုံ၊ အလုပ်ရုံတွေနဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးကနေ အထက်ပါ အတိုင်း အမိန့်ပေး ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စက်ရုံ၊ လုပ်ငန်းရှင်တွေဆီကို ပို့ထားတဲ့ အမိန့်ညွှန်ကြားစာထဲမှာ အထူးမှတ်ချက်အနေနဲ့ ထည့်သွင်းထား တာကတော့ အရေးပေါ် အခြေအနေမှာ စက်ရုံလုပ်ငန်းရှင်တွေက စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဖို့ မှာထားတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စက်ရုံလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"စက်ရုံအလုပ်သမားအားလုံးကို ဝန်ထမ်းစိစစ်ရေးကတ် ထုတ်ပေးထားဖို့ တပ်နယ်မှူးရုံး ပို့ရမယ့် ကိုယ်ရေး အချက်အလက်ထဲမှာလည်း စိစစ်ရေးကတ်ထဲက အချက်အလက်နဲ့ ကိုက်ညီမှန်ကန်ပြီး ဝန်ထမ်းကတ် က ဓာတ်ပုံဟာ အဖြူ၊ အမည်းမဟုတ်ဘဲ ထင်ရှား ပြတ်သားတဲ့ ရောင်စုံကာလာ ဓာတ်ပုံဖြစ်ဖို့၊ စက်ရုံရဲ့ အတွင်းနဲ့အပြင်က CCTV Record တွေကို ပေးဖို့နဲ့ ဧည့်စာရင်းကို မဖြစ်မနေပုံမှန်တိုင်ဖို့ မှာထားတယ်ပေါ့"
စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာ အခု ဧပြီလ ၂၉ နေ့ နောက်ဆုံးရက် သတ်မှတ် ထားပေမယ့် စက်ရုံအလုပ် သမားတွေ ရာထောင်ချီရှိနေတာကြောင့် နောက်ဆုံးရက်ကို မေလ ၈ ရက်နေ့အထိ သတ်မှတ်ပေးဖို့ အလုပ်ရှင်တွေဘက်က ညှိနှိုင်းထားတယ်လို့ မင်္ဂလာဒုံစက်မှုဇုန်တည်ရှိရာ ဇေကမ္ဘာဝင်းထဲက တရုတ်လူမျိုးပိုင် စော်ဘွားဗွီတီ အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။
"ကိုယ်ရေးအချက်အလက်တောင်းတာဟုတ်ပါတယ်။ အလုပ်ရှင်က ကျွန်မတို့ အလုပ် သမားတွေကို အစည်းအဝေးတောင် ခေါ်တာမဟုတ်ဘူး။ အလုပ်သမား အားလုံးကြား အောင် မိုက်နဲ့ခေါ်ပြီး အော်ပြောတယ်၊ စစ်တပ်ကတောင်းလို့ ကိုယ်ရေး အချက်အလက် တွေ ပေးကြပါ တောင်းတယ်။ ဓာတ်ပုံ ၃ ပုံ ရိုက်ပေးပါတဲ့၊ မေလ ၈ ရက်နေ့နောက်ဆုံး ထားပြီး မပေးတဲ့ အလုပ်သမားတိုင်းကို အလုပ်ထုတ်မယ့် အခြေအနေအထိ ခြိမ်းခြောက် တဲ့ပုံစံမျိုးလည်း ပြောသွားသေးတယ်။ ကျွန်မက ငါးမျဉ်းစောင်းဆိုတော့ ပိုပြီးစိုးရိမ်ရတာ ပေါ့။ တခြားမှာအလုပ်ရှာဖို့ကလည်း အခုချိန်မလွယ်ဘူး"
စစ်ကောင်စီဘက်က အလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်ကို ဓာတ်ပုံတွေ၊ ဧည့်စာရင်းတွေနဲ့အတူ တောင်းယူ တာဟာ မင်္ဂလာဒုံလေတပ်စခန်းနဲ့နီးတဲ့ မြို့နယ်ကို ပစ်မှတ်ထားတဲ့ သဘောမျိုး ဖြစ်နေတယ် လို့ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌတစ်ဦးက ထောက်ပြပါတယ်။
"မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို မကြာခဏ ပစ်ခတ်ခံထားရတော့ အကြောင်းပြ ချက်အနေနဲ့ စက်မှုဇုန် အလုပ်သမားတွေကို တရားခံသဘောမျိုးလုပ်ပြီး စောင့်ကြည့် တာမျိုး ဖြစ်နိုင်တယ်။ ဘာကြောင့် ကိုယ်ရေး အချက်အလက်တွေ တောင်းရတာပါလို့ အကြောင်းပြချက်မပါတော့ ရှစ်မျဉ်းစောင်း၊ ငါးမျဉ်းစောင်း သမားတွေကို ရည်ရွယ်ပြီး ရမယ်ရှာချင်လို့လား။ နောက် CCTV နဲ့ ၂၄ နာရီ စောင့်ကြည့်နေတာကလည်း လူတစ်ယောက်ရဲ့ အခွင့်အရေးဆုံးရှုံးမှုဟာ အကြီးမားဆုံးပဲ"
အလုပ်သမားသမဂ္ဂတွေရဲ့ ပြောကြားချက်အရ ရန်ကုန်မြို့ တခြားစက်မှုဇုန်တွေမှာ အခုလို ညွှန်ကြားစာတွေ ပို့ထားတာ မတွေ့ရသေးဘဲ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းထဲက စက်ရုံ၊ အလုပ်ရုံတွေကိုသာ အမိန့် ညွှန်ကြားချက်တွေ ပို့ထားတာလည်း ဖြစ်ပါတယ်။