Honeys အထည်ချုပ်စက်ရုံဆီက နစ်နာကြေး သိန်း ရှစ်သောင်းကျော်ရဖို့ အလုပ်သမားတွေ တောင်းဆို
2025.02.15

အလုပ်သမား လေးရာကျော် (၄၄၈ ဦး) ကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခဲ့တဲ့ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံကို နစ်နာသူတွေက ကျပ်သိန်းပေါင်း ရှစ်သောင်းကျော်ပေးဖို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကြေညာချက်ထုတ်ပြီး ပြန်တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ Honeys အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အလုပ်သမားအခွင့်အရေးတောင်းဆိုမှုကြောင့် အလုပ်သမား လေးရာကျော် အလုပ်ထုတ်ခံခဲ့ရသလို အဲဒီအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးခဲ့သူ ဒေါ်မျိုးမျိုးအေးလည်း ပုဒ်မနှစ်ခုတပ်ပြီး ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်ရလိုမှုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။
အဲဒီအမှုကို ရင်ဆိုင်လာတာ ရှစ်နှစ်နီးပါးရှိလာပြီး တရားပြိုင်ဘက်က သက်သေတွေကို စစ်ဆေးမဲ့အဆင့်ရောက်ရှိချိန်မှာ စက်ရုံဘက်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ အမှုပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။ ဒီရှစ်နှစ်နီးပါးအတွင်း ထိခိုက်နစ်နာခဲ့တာတွေကြောင့် အခုလို နစ်နာကြေးတောင်းဆိုလိုက်တာလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက RFA ကို ပြောပါတယ်။
“အခုလို ရုပ်သိမ်းလိုက်ရုံနဲ့ ကိစ္စရပ်တစ်ခုက ပြီးမသွားဘူး၊ ခုနစ်နှစ်ကျော် ရှစ်နှစ်နီးပါးအထိ တရားစွဲဆိုထားတာကြောင့် ကျွန်မမှာ ထိခိုက်နစ်နာတာတွေ အများကြီးရှိတယ်၊ ဒါ့ကြောင့် သူတို့ တရားစွဲချိန်တုန်းက ကျွန်မကို သိန်းပေါင်းတစ်သောင်းရှစ်ထောင်ကျော်တောင်းတယ်၊ ကျွန်မကို ပုဒ်မနှစ်ခုနဲ့ တရားစွဲတော့ တစ်သောင်းရှစ်ထောင်ရဲ့ နှစ်ဆကို တောင်းခဲ့တယ်၊ အလုပ်သမား ၄၀၀ ကျော်အတွက် လ ၉၀ ကြားကာလနစ်နာကြေး တစ်ယောက်ကို သိန်းတစ်ရာစီတောင်းတယ်”
Honeys အထည်ချုပ်စက်ရုံ (၁) နဲ့ (၂) က အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သား ၄၄၈ ဦးအတွက် နစ်နာကြေး သိန်းပေါင်း လေးသောင်း လေးထောင်ကျော်နဲ့ စက်ရုံဘက်က တရားစွဲဆိုခဲ့တဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအတွက် လူမှုရေးနစ်နာကြေး သိန်းပေါင်း သုံးသောင်း ခုနစ်ထောင်ကျော် စုစုပေါင်း သိန်းပေါင်း ရှစ်သောင်းကျော် တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်ကို ပြန်ဝင်ချင်တဲ့ အလုပ်သမားတွေရှိရင် ကြားကာလ နစ်နာကြေးပေးပြီး လုပ်ငန်းခွင်ကို ပြန်ဝင်ခွင့်ပေးရမယ်ဆိုတဲ့ အချက်ကိုလည်း တောင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ PayYourWorkers လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စတင်ပြီး နိုင်ငံပေါင်းစုံက သမဂ္ဂတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေလည်း သွေးစည်းညီညွတ်မှုကိုပြသတဲ့အနေနဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်ကြမယ်လို့ ဆိုပါတယ်။ ဒီတောင်းဆိုတာတွေ မရမချင်း လှုပ်ရှားမှုက ဆက်ရှိနေမယ်လို့ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
Honeys အထည်ချုပ်စက်ရုံမှာ ၂၀၁၇ ခုနှစ် ဇွန်လက အလုပ်သမားအခွင့်အရေးတောင်းဆိုမှုကြောင့် အလုပ်သမား ၄၄၈ ဦး အလုပ်ထုတ်ခဲ့ပြီး ဒီအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးတဲ့ ဒေါ်မျိုးမျိုးအေးကို စက်ရုံဘက်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ တရားစွဲဆိုခဲ့တာပါ။ အခုလိုနစ်နာကြေးပြန်လည်တောင်းဆိုခံထားရတာနဲ့ပတ်သက်ပြီး Honeys အထည်ချုပ်စက်ရုံဘက်ကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ Honeys အထည်ချုပ်စက်ရုံ သုံးရုံအထိရှိပြီး အလုပ်သမား အင်အားတစ်ထောင်ကျော်နဲ့ လည်ပတ်နေတာဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။