အစိုးရစကားကို နားထောင်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြော


2018.02.28
dassk-jicm-622.jpg နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပတဲ့ JICM အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ငြိမ်းချမ်းရေးအတွက် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြားမှာ အစိုးရကို ညှိနှိုင်းပေးစေချင်တယ်ဆိုရင် စကားနားထောင်ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဒီကနေ့ ကျင်းပတဲ့ JICM အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

"တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ ညှိနှိုင်းမှုတွေရှိတဲ့အခါ အထူးသဖြင့် အစိုးရကနေ ညှိနှိုင်းပေးနေတယ် ဆိုတာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ ညှိနှိုင်းပေးနေရဲ့လားဆိုပြီး တချို့က လည်းမေးတယ်၊ ကျမတို့က လူတိုင်းလိုက်ပြီးတော့ ညှိနှိုင်းပေးနေတာပဲ၊ သို့သော်ငြားလည်း ညှိနှိုင်းခံရမယ့် လူတွေကလည်း ညှိနှိုင်းခံချင်မှရတာပဲ၊ ပြောတယ် လက်ခုပ်ဆိုတာ နှစ်ဖက်တီးတာ၊ သုံးဖက်တီးတော့ ပိုပြီးတော့ ခက်ပါတယ်၊ အဲဒါကြောင့် ကျမကနေ လုပ်ကြည့်မှပဲသိမှာပါ၊ လုပ်ကြည့်ရမယ် ကြိုးစားကြည့်ရမယ်၊ နောက် ပြီးတော့လည်း ကျမတို့ညှိနှိုင်းပေးစေချင်လို့ရှိရင်တော့ ကျမတို့စကားကိုနားထောင်ရမယ်၊ နားမထောင်ပဲ ညှိနှိုင်းပေးပါဆိုရင် ဘယ်လိုလုပ် ကျမတို့က ညှိနှိုင်းပေးမလဲ"

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ JICM အစည်းအဝေးမှာ  ရှမ်းပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့အတွက် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အကြား သဘောထားကွဲနေတာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကြားဝင် စေ့စပ်ပေးခဲ့တာကြောင့် ကျင်းပမယ့်နေရာ သတ်မှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အစည်းအဝေးကို ရောက်လာတဲ့ ပုဂ္ဂိုလ်အားလုံး ယုံကြည်မှုအပြည့်နဲ့ ဆွေးနွေးစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့ တချို့က ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကို အစိုးရက ယုံကြည်ရဲ့လားဆိုပြီး မေးခွန်းထုတ်ကြတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကို အစိုးရက လိုချင်လား၊ မလိုချင်လားဆိုတာ သိချင်ရင် ငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်ပါလို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။

အစည်းအဝေးကို အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ စုံစုံညီညီ မတက်ရောက်တဲ့အတွက် အကြောင်းအရာ အားလုံးကို ကျေကျေလည်လည် ဆွေးနွေးနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

အစည်းအဝေးတက်ရောက်လာတဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း နိုင်ငံရေးဆွေးနွေးပွဲမှာ အမြင့်ဆုံးအစည်းအဝေးဖြစ်တဲ့ JICM အစည်းအဝေး ကို ဆုံးဖြတ်ချက်ချပေးနိုင်တဲ့ အဖွဲ့ခေါင်းဆောင်တွေ တက်ရောက်သင့်တယ်လို့ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။