JICM ပြန်စဖို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ RCSS ဆွေးနွေး

အောင်မိုးမြင့်
2019.11.19
nrpc-rcss-622.jpg NRPC က ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့ RCSS တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂၀၁၉ နိုဝင်ဘာ ၁၉ ရက်နေ့ကတွေ့ဆုံစဉ်
Photo: Aung Moe Myint/RFA

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC က ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့ ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က  ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ပေါင်ခေး ဦးဆောင်တဲ့အဖွဲ့နဲ့ ဒီနေ့ မနက်က ၃ နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ပြန်လည်စတင်ဖို့ အချိန်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း အစိုးရကိုယ်စားလှယ်အနေနဲ့ လိုက်ပါလာတဲ့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

“ဘယ်လိုရှေ့ဆက်သွားမလဲအပေါ်မှာ ဘုံအားဖြင့် နားလည်မှုတွေ ခံယူချက်တွေတူတယ်၊ ဒါတစ်ချက်၊ နံပါတ်နှစ် ကတော့ JICM ကို ဘယ်တော့လောက်လုပ်မလဲ၊ နှစ်ဖက် အလုပ်အဖွဲ့တွေ ဘယ်အချိန်တွေ့မလဲ၊ တရားဝင် ဆွေးနွေးပွဲတွေ ဘယ်တော့စမလဲ၊ ဒါကို Timeline အကြမ်းမျဉ်းတော့ ညှိနှိုင်တဲ့ သဘောထားရှိပါတယ်၊ သို့သော် ဒါကလည်း RCSS က PPST ကို ပြန်ပြီးတော့ တင်ပြီးတော့ ဆွေးနွေးဦးမှာ ဖြစ်ပါတယ်၊ လာမည့်ရက်ပိုင်းမှာလည်း သန်ဘက်ခါဆို ကျနော်တို့ ၁၀ ဖွဲ့ နဲ့တွေ့ရင်လည်း ဒီကိစ္စတွေထည့်ပြီး ဆွေးနွေးမှာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ရတယ်ပေါ့နော်၊ အကြောင်းကြောင်းကြောင့်   RCSS ဥက္ကဋ္ဌကြီး ခရီးစဉ် အဆင်မပြေဖြစ်ခဲ့သော်ငြား လည်း အခု နှစ်ဖက်လုံးက တကယ့်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်၊ နားလည်မှုလည်း ပိုပြီးတော့ မြှင့်တက်လာတယ်လို့မြင်တယ်”


အောက်တိုဘာ ၂၈ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ NCA ၄ နှစ်မြောက် အခမ်းအနား တက်ရောက်ရေးမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့အဖွဲ့ဟာ  ထိုင်း မြန်မာနယ်စပ် ဟိုမိန်း - လင်းခေး - တောင်ကြီး ဘက်ကနေ တက်ဖို့ စီစဉ်ခဲ့ပေမယ့် အဲဒီလမ်းကြောင်းက လာဖို့ကို  တပ်မတော်ဘက်က ခွင့်မပြုခဲ့တာကြောင့် ခရီးစဉ် ပျက်ခဲ့ရပါတယ်။

တရားဝင်စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ JICM အစည်းအဝေးလည်း ပျက်ခဲ့ရပါတယ်။

ဒီကနေ့ နှစ်ဖက်တွေ့ဆုံပွဲမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသလို NCA အပစ်ရပ် ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ နောက်ပိုင်းခရီးစဉ်တွေကို သေချာညှိနှိုင်းသွားကြဖို့ သဘောတူညီမှုရရှိခဲ့တယ် လို့လည်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

“လူကြီးခရီးစဉ်တွေရှိတယ်ဆိုရင် သေချာညှိရမယ်၊ အချိန်ယူ သေချာပြင်ဆင်ညှိမယ်၊ ဘယ်လမ်းကြောင်းက လာမလဲ၊ ဘယ်ပုံဘယ်နည်းနဲ့လာမယ် စသဖြင့် အဲလိုလုပ်ပြီးမှ သွားကြရအောင်ဆိုတဲ့ အနေအထားမျိုးနဲ့ အဲဒါကို ကျနော်တို့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်၊ ဖြေရှင်းနိုင်ခဲ့ပါတယ်”

ဒီကနေ့ အစည်းအဝေးကို  တက်ရောက်နိုင်ခြင်းမရှိတဲ့  ဗိုလ်ချုပ်ကြီး ယွက်စစ်က စာတစ်စောင် ပေးပို့ခဲ့တယ် လို့လည်း သိရပါတယ်။

စာထဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ RCSS ရဲ့ သဘောထားတွေ တင်ပြခဲ့သလို ယုံကြည်မှု တည်ဆောက် ရေးကိစ္စဟာလည်း အရေးကြီးကြောင်း၊ NCA ပြဌာန်းချက်တွေအတိုင် RCSS အနေနဲ့ ကြိုးပမ်းဆောင်ရွက် သွားမယ်ဆိုတာတွေကို တင်ပြခဲ့ကြောင်း  RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းငင်းက သတင်းထောက်တွေ ကို ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာတော့ RCSS အဖွဲ့အနေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေကို အောက်ခြေပြဿနာတွေကိုပါ တင်ပြဆွေးနွေးခွင့်ရခဲ့တဲ့အတွက် ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ဖို့ ရလဒ်ကောင်းတွေရရှိခဲ့သလို   ၂၀၂၀ မတ်လ ပိုင်းလောက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ရေးအတွက်လည်း ကြိုးစားနေတယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

“အဆင်ပြေတယ်ဆိုရင်တော့ JICM ကိစ္စ အစည်းအဝေးကိစ္စ စတင်ပြီးလုပ်မယ်၊ ပြီးတာနဲ့ ကျနော်တို့ နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့တွေရှိတာကို အဲဒီ နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့ကနေပြီးတော့မှ ကျနော်တို့ ဟိုဘက်က အဆိုပြုထားတဲ့ အဆိုပြုချက်ရှိတယ် ကျနော်တို့ဘက်က ပြင်ဆင်ထားတဲ့ အဆိုပြုချက်ရှိတယ်၊ ဒီ တစ်ဆို့မှု ကျော်လွှားရေးဆိုတဲ့ ကိစ္စ အဲဒါကို အကြေအလည်ညှိမယ်၊ အဲလို အဆင်ပြေပြီးဆိုတာနဲ့ ကျနော်တို့ တရားဝင် အစည်းအဝေးပေါ့နော် အဲဒီကနေတဆင့် ၂၁ ပင်လုံ ဒါမှမဟုတ် UPC ကို လာမည့် ၂၀၂၀ နှစ်ဦးလောက်မှာ ကျင်းပနိုင်ရေး ဦးတည် ပြီးတော့ ကျနော်တို့ ဝိုင်းဝန်းလုပ်သွားတဲ့ အနေအထားရှိပါတယ်”

ဒီအလွတ်သဘောဆွေးနွေးပွဲကိုတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ငြိမ်းချမ်းရေးဆွေး နွေးရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ စိုင်းလျဲန်း၊ စိုင်းဟန် ၊ စိုင်းနွံမိဏ်း တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်ပြီး အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးဇော်ဌေး၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင် တဲ့အဖွဲ့ဟာ မနက်ဖြန် မနက်ပိုင်းမှာလည်း NCA အပစ်ရပ် ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင် ဆွေးနွေးနေတာကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းထဲက ရပ်တန့်ထားခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ အဓိက ခေါင်းဆောင်တွေအနေနဲ့ NCA စာချုပ်ပါ အချက်တွေနဲ့ ပတ်သက်ပြီး နားလည်မှုကွဲလွဲနေတာကို ဖြေရှင်းရမယ့်အစား နားလည်သလို အကောင်အထည်ဖော်နေတဲ့အတွက် ရှုပ်ထွေးမှုတွေဖြစ်နေတာကြောင့် တရားဝင်ဆွေးနွေးပွဲတွေကို ရပ်နားထားမှာဖြစ်ကြောင်း အဲဒီအချိန်က PPST အဖွဲ့ကို ဦးဆောင်နေတဲ့ KNU အဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

အခုဆိုရင် ဆွေးနွေးပွဲတွေ ရပ်နားထားတာ အချိန် ၁ နှစ်ကျော်ကြာလာပြီဖြစ်ပေမယ့် အစိုးရနဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တရားဝင်ဆွေးနွေးပွဲတွေပြန်စနိုင်ရေးကို တိတိကျကျ သတ်မှတ်နိုင် ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။