JICM အကြိုညှိနှိုင်းအစည်းအဝေး နေပြည်တော်မှာ ကျင်းပ
2020.08.10

စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ထည့်သွင်းချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ ပါဝင်မယ့် အကြောင်းအရာတွေ၊ ၂၀၂၀ အလွန် အစိုးရသစ် လက်ထက်မှာ ဆက်လက်ဆွေးနွေးမယ့် အခြေခံမူတွေနဲ့ ပတ်သက်ပြီး JICM အကြိုညှိနှိုင်းအစည်းအဝေးကို ဒီနေ့ နေပြည်တော် NRPC မှာ ပထမနေ့အဖြစ် ကျင်းပခဲ့ပါတယ်။
အစိုးရ၊ တပ်မတော်နဲ့ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ နှစ်ရက်ကြာ အကြိုညှိနှိုင်းဆွေးနွေးပွဲက ရရှိလာမယ့် အချက်အလက်တွေကို သြဂုတ်လ ၁၃ ရက်နေ့မှာ ကျင်းပမယ့် ၉ ကြိမ်မြောက် JICM အစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်မှာဖြစ်ပါတယ်။
ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ ထည့်သွင်းချုပ်ဆိုမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ သဘောတူညီဖို့ ကျန်ရှိနေသေးတဲ့ ကိစ္စတွေကို နှစ်ဘက်ဆက်လက်ညှိနှိုင်းကြတယ်လို့ ဒီနေ့ ဆွေးနွေးပွဲအပြီးမှာ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောပါတယ်။
ဒီနေ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ အသေးစိတ်ကို အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဘက်က ထုတ်ဖော်ပြောဆိုတာမရှိသေးဘဲ မနက်ဖြန် ဒုတိယမြောက်နေ့မှသာ သတင်းထုတ်ပြန်မယ်လို့ သိရပါတယ်။
NRPC ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၄ ချက် ရရှိခဲ့ပြီးဖြစ်တယ်၊ ၂၀၂၀ အလွန် အစိုးရသစ်လက်ထက်မှာ ဆက်လက်ဆွေးနွေးမယ့် ကိစ္စတွေအတွက် ခေါင်းစဉ် ရှစ်ခုကို သဘောတူထားတယ်၊ ခုဆက်ပြီး ညှိနှိုင်းမယ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် လမ်းညွှန်ချက် နှစ်ခုကို သဘောတူထားပြီးဖြစ်တယ်လို့ ဒီနေ့ အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းကလည်း ဒီနှစ်ရက်ကြာ အစည်းအဝေးမှာ ညှိနှိုင်းလို့ မပြီးပြတ်သေးတဲ့ ကိစ္စတွေ၊ ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအစည်းအဝေး ကျင်းပရေးကိစ္စတွေကို ဆွေးနွေးမှာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တိုင်းရင်းသား ပြည်သူအားလုံးအတွက် အရေးကြီးတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ၈ ကြိမ်မြောက် JICM အစည်းအဝေးမှာ ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးကို ခိုင်မာအောင်လုပ်ဆောင်ဖို့၊ ကြားကာလမှာ ချမှတ်ရမယ့် အစီအစဉ်တွေ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ နဲ့ ၂၀၂၀ အလွန်ကာလမှာ ဆက်လက်ဆောင်ရွက်မယ့် အခြေခံမူတွေရဖို့၊ အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပိုမိုပါဝင်လာဖို့ စတဲ့ အချက် ရှစ်ချက်ကို သဘောတူခဲ့ပါတယ်။
သြဂုတ် ၁၉ ရက်နေ့မှာ စတင်ကျင်းပမယ့် ပင်လုံညီလာခံ မတိုင်ခင် ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေးကို သြဂုတ် ၁၃ ရက်နေ့၊ UPDJC အစည်းအဝေးကို သြဂုတ် ၁၇ ရက်နေ့မှာ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။