လက်လုပ်လက်စား ကျောက်မျက်လုပ်ကွက်တွေ ခွင့်ပြုပေးမည်
2017.07.31
၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေနဲ့ နည်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးတဲ့အခါ လုံးခင်း-ဖားကန့်ရတနာ နယ်မြေမှာ အသေးစားနဲ့ လက်လုပ်လက်စားလုပ်ကွက်တွေကို လုပ်ကိုင်ခွင့်ပြုမှာ ဖြစ်တယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးH လအောင် က ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းအရိုင်းတုံးရှာဖွေပြီး အသက်မွေးနေကြတဲ့ နိုင်ငံအနှံ့က တိုင်းရင်းသားပြည် သူတွေကို ကျောက်မျက်ရတနာ အသေးစားလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုဖို့ အစီအစဉ် ရှိ မရှိ ဖားကန့်မြို့နယ် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ဒီနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော်မှာ မေးမြန်းရာ ဝန်ကြီး ဦးH လအောင်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
"အသစ်ရေးဆွဲလျက်ရှိတဲ့ ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေကို အတည်ပြုရေးဆွဲပြီးနောက် နည်းဥပဒေကို ဆက်လက်ရေးဆွဲပြီးပါက လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ သို့မဟုတ် ရတနာနယ်မြေပြင်ပရှိ ကျောက်မျက်ရတနာအသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များကို ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ကိုင်ခွင့်များ ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်"
ကျောက်စိမ်းအရိုင်းတုံးတွေကို အမှီပြုပြီး နိုင်ငံအနှံ့ကနေ လာရောက်လုပ်ကိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေဟာ မြေပြင်မှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး အဲဒီရေမဆေးသမားတွေ လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းစွာ လုပ်ကိုင်စားသောက်နိုင်ဖို့ မေးခွန်းမေးမြန်းရတာဖြစ်တယ်လို့ ဦးဒါရှီလဆိုင်းက တင်ပြခဲ့ပါတယ်။
လက်ရှိအခြေအနေမှာ ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေကို အမျိုးသားလွှတ်တော်မှာ ညှိနှိုင်းဆွေးနွေးနေပြီး အဲဒီဥပဒေကြမ်းမှာ အလတ်စား၊ အသေးစားနဲ့ လက်လုပ်လက်စား လုပ်ကွက်တွေနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေ ပါဝင်ပါတယ်။ အလတ်စားလုပ်ကွက်တွေကို ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲမှာဖြစ်ပြီး အသေးစားနဲ့ လက်လုပ်လက်စားလုပ်ကွက်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေကို လုပ်ကိုင်ခွင့်ပြုဖို့ ရေးဆွဲထားတာဖြစ်ပါတယ်။