ဂျပန် ODA ဒီမိုကရေစီအရေး အထောက်အကူ ဖြစ်စေချင်

မြန်မာနိုင်ငံကို ဂျပန်အစိုးရပေးမယ့် ဖွံ့ဖြိုးရေးအကူအညီ ODA ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုမယ့် အကူအညီမျိုး ဖြစ်ဖို့ လိုအပ်ကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့က ဒီကနေ့ ပြောကြားခဲ့တယ်လို့သိရပါတယ်။

2011.12.16

မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီ ပြန်လည်ပေးအပ်ဖို့ ဂျပန်အစိုးရက ပြင်ဆင်နေပြီ ဖြစ်တဲ့အတွက် ဂျပန် နိုင်ငံခြားရေးဌာနမှာ ODA နဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ NGO တွေနဲ့ မြန်မာ့ ဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာ ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့တာပါ။

ဒီကနေ့ တွေ့ဆုံပွဲကို ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Toshiyuki Kato၊ နိုင်ငံခြားရေးဌာနက ODA အကူအညီပေးရေး တာဝန်ရှိပုဂ္ဂိုလ်တွေ၊ NGO အဖွဲ့ ၈ ဖွဲ့၊ NLD လွတ်မြောက်နယ်မြေ အဖွဲ့ဝင်တွေ၊ မြန်မာ့ ဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ODA ကို မဆန့်ကျင်ကြောင်း၊ စောင့်ကြည့်ဖို့ လိုအပ်ကြောင်း ပြောခဲ့တယ်လို့ ကိုယ်စားပြု တက်ရောက်ခဲ့တဲ့ ဦးကျော်ကျော်စိုးက အာရ်အက်ဖ်အေကို ပြောပါတယ်။

“အဓိက အချက်ကတော့ ODA ကို ကျနော်တို့အနေနဲ့ ဆန့်ကျင်တာမျိုးတော့ မရှိပါဘူး၊ ဒါပေမယ့် သေသေချာချာ လေ့လာစောင့်ကြည့်ဖို့ အတွက် အင်မတန် အရေးကြီးတယ်လို့ ကျနော်တို့ ပြောခဲ့ပါတယ်”

ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mr.Kato ကတော့ ဂျပန် စီးပွားရေး အခြေအနေ မကောင်းလှတဲ့အပြင် မတ်လက မြေငလျင်နဲ့ ဆူနာမီဒဏ်တွေကြောင့် အများကြီး အခက်အခဲ ရှိခဲ့ကြောင်း၊ ဒါပေမယ့် ODA ကိုတော့ တိုးချဲ့ပေးနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောသွားတယ်လို့လည်း ဦးကျော်ကျော်စိုးက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။