ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး မထိုးတဲ့ ကလေးငယ် ၁ သန်းနီးပါးရှိ
2017.12.27

နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း အသက် ၉ လကနေ ၁၅ နှစ်အရွယ် ကလေးငယ်တွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပေးရာမှာ ကလေးငယ် ၁၄ သန်းနီးပါးကို ထိုးပေးဖို့ လျာထားခဲ့ပေမယ့် ဆေးမထိုးတဲ့ ကလေးငယ် ၁ သန်းနီးပါး ကျန်ခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦး က ဒီနေ့ ပြောပါတယ်။
စီမံချက်ကာလပြီးသွားပေမယ့် အသက် ၉ လအရွယ်ကလေးငယ်တွေကို ပုံမှန် ကာကွယ်ဆေးထိုးရာမှာ ထည့်သွင်းထိုးနှံပေးမှာ ဖြစ်ပြီး ကျန်တဲ့ကလေးတွေကို ကျန်းမာရေးဝန်ကြီးဌာနက အခမဲ့ ထိုးနှံပေးနိုင်မှာ မဟုတ်ဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦး ကပြောပါတယ်။
"၂၀၁၈ ဇန်နဝါရီလကနေစပြီး ကျနော်တို့ ၉ လပဲထိုးတော့မှာ။ ဒီလောက်အုပ်စု အများကြီးကို မထိုးနိုင်တော့ဘူး။ မထိုးလိုက်ရတဲ့ ကျန်ခဲ့တဲ့ကလေးအုပ်စုကတော့ အတိုင်းအတာတစ်ခုထိတော့ ကျန်တယ်ပေါ့။ ဒီအတိုင်းအတာ အုပ်စုတွေကို ပြန်ပြီးတော့တော့ နောက်တစ်ကြိမ် ပြန်ထိုးဖို့ဆိုတာတော့ လောလောဆယ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ဆုံးဖြတ်ချက် မရှိသေးပါဘူး။ ပြန်ထိုးဖို့ လောလောဆယ်အစီစဉ် မရှိသေးပါဘူး"
ကျန်းမာရေးဝန်ကြီးဌာနက ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်းကို စစ်တမ်းကောက်ယူ ထားချက်အရ ၂၀၁၂ ခုနှစ်က ၁၄ ဦး၊ ၂၀၁၃ ခုနှစ်မှာ ၁၈ ဦး၊ ၂၀၁၄ ခုနှစ်မှာ ၅၀ ဦး၊ ၂၀၁၅ ခုနှစ်မှာ ၁၁၃ ဦးနဲ့ ၂၀၁၆ ခုနှစ်မှာ ၃၉၀ အထိ ရှိလာတာ ဖြစ်ပါတယ်။
လေ့လာစမ်းစစ်ချက်တွေအရ ရောဂါဖြစ်ပွားသူတွေရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းခန့်ဟာ သေဆုံးပြီး ကျန် ၃၀ ရာခိုင်နှုန်းဟာ ကိုယ်လက်အင်္ဂါချို့တဲ့ပြီး မသန်စွမ်းဖြစ်သွားတယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးထိုးနိုင်ဖို့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက စတင်စီမံချက် ချဆောင်ရွက်ခဲ့တာဖြစ်ပြီး ကလေးငယ် ၁၄ သန်းကို ကာကွယ်ဆေးထိုးဖို့ Gavi အဖွဲ့က အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။
စီမံချက်ကာလအတွင်း ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးသူ ကလေး ၁၀ ဦး ရှိခဲ့ပြီး အဲဒီသေဆုံးမှုတွေကို စစ်ဆေးရာမှာ ကာကွယ်ဆေးကြောင့်မဟုတ်ဘဲ ကလေးငယ်တွေရဲ့ အခြားရောဂါကြောင့် သေဆုံးတာသာ ဖြစ်တယ်လို့လည်း ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။