ကိုယ်စားလှယ်ဖြစ်ချင် တဲ့ရောဂါ ဒေါ်အောင်ဆန်းစုကြည် သတိပေး


2014.12.14
dassk-nld-meeting-305 ဒီဇင်ဘာလ ၁၄ ရက်နေ့က NLD ဗဟိုကော်မတီ အစည်းအဝေး နောက်ဆုံးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အခက် အခဲတွေကိုရင်ဆိုင်ပြီး ပြည်သူလူထုအကျိုး ကို ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အဖွဲ့ဝင်တွေ အနေနဲ့ ရာထူးရရှိရေးကို အဓိကထားမက်မောပြီး ကိုယ်စားလှယ်ရောဂါ မထကြပါနဲ့လို့ ဒီနေ့ သတိပေး လိုက်ပါတယ်။

NLD အဖွဲ့ဝင်တချို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရရေးအတွက် နည်းမျိုးစုံနဲ့ကြိုးစားနေကြတဲ့ သတင်းတွေပေါ်ထွက်နေစဉ်အတွင်း ဗဟိုကော်မတီ အစည်းအဝေး နောက်ဆုံးနေ့မှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

"တချိန်တည်းမှာပဲ ကိုယ်စားလှယ်ရောဂါတော့ မထကြပါနဲ့လို့ ကျမကနေပြီးတော့ တိုက်တွန်းချင် တယ်၊ ကိုယ်စားလှယ်လုပ်တယ်ဆိုတာ တာဝန်ကို ထမ်းဆောင်ဖို့ပါ၊ အခက်အခဲကြားက လုပ်ရဲကိုင်ရဲ၊ လုပ်နိုင်ကိုင်နိုင်မှ ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေ ကို အောင်မြင်တယ်လို့ ပြောရမှာဖြစ်ပါတယ်၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နောက်နှစ် မှာ ဖေဖေရဲ့ ရာပြည့်နှစ်လည်းဖြစ်သလို နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ ရွေးကောက်ပွဲ နှစ် တစ်ခုလည်းဖြစ်တာကြောင့်မို့လို့ ဒီနှစ်ကစတော့မယ်၊ နှစ်သစ်စတဲ့အခါမှာ မှန်မှန်ကန်ကန်စပြီးတော့ မှန်မှန်ကန်ကန် ကျမတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားလို့ရှိရင် ၂ဝ၁၅ ကုန်တဲ့အခါမှာ ကျမတို့ဟာ တာဝန်ကျေတဲ့သူဆိုတဲ့ ကျေနပ်မှုရမှာဖြစ်ပါတယ်"

ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပတဲ့ ၂ ရက်ကြာအစည်းအဝေးအပြီး NLD က ဒီနေ့ ကြေညာ ချက်တစောင်ထုတ်ပြန်ခဲ့ရာမှာ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ရင်ကြားစေ့ရေးတို့ကို ထောက်ခံကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဆက်လက် လုပ်ဆောင်ဖို့ ထပ်မံအတည်ပြုကြောင်း စသဖြင့်ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂ဝ၁၅ ခုနှစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ်ပွဲတွေ နိုင်ငံအနှံ့ ကျင်းပရေးအတွက် လည်း ကြေညာချက်မှာ လှုံ့ဆော်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။