ဂျပန်လွှတ်တော်အမတ်တွေကို မြန်မာပြည် အရေး တင်ပြ

ဂျပန် အစိုးရက မြန်မာနိုင်ငံကို ODA လို့ခေါ်တဲ့ နိုင်ငံရပ်ခြား စီးပွါးရေး အကူအညီတွေ ပြန်ပေးဖို့ စဉ်းစားနေတယ် ဆိုတဲ့ အချက်ကို ပြန်လည် သုံးသပ်သင့်ကြောင်း ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

2011.07.12
japan-kono-atsuma305 ဂျပန်လွှတ်တော်တွင် မြန်မာ့အရေး ဆောင်ရွက်သော ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ အမတ်တဦးဖြစ်သူ Kono Astuma က ဦးဆောင်ပြီး မြန်မာ့အရေးကြားနာပွဲ တရပ်ကို ဂျပန်လွှတ်တော် အဆောက်အဦ တခုတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ကျင်းပနေပုံ။ ဓါတ်ပုံ - nldlajb.blogspot
nldlajb.blogspot

မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ဦးတည်နေတဲ့ အစိုးရသစ် တရပ် ပေါ်လာတာကြောင့် ဂျပန် အစိုးရက မြန်မာနိုင်ငံကို ODA လို့ခေါ်တဲ့ နိုင်ငံရပ်ခြား စီးပွါးရေး အကူအညီတွေ ပြန်ပေးဖို့ စဉ်းစားနေတယ် ဆိုတဲ့ အချက်ကို ပြန်လည် သုံးသပ်ဖို့ဂျပန်လွှတ်တော်အတွင်း ဒီကနေ့ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။

တိုကျိုမြို့ ဂျပန်လွှတ်တော် အဆောက်အဦတွင်း ကျင်းပတဲ့ အဲဒီ ဆွေးနွေးပွဲကို NDB မြန်မာ့ ဒီမိုကရေစီ ကွန်ယက်၊ KWAJ ကချင် အမျိုးသမီး အစည်းအရုံး (ဂျပန်) နဲ့ Burma-Info NGO အဖွဲ့ဝင်တွေ တက်ရောက်ပြီး ဂျပန်နိုင်ငံဘက်က GIREN ဂိရင်ခေါ် မြန်မာ့အရေး ထောက်ခံသော ဂျပန် အမတ်များ သမဂ္ဂ အဖွဲ့ဝင် ဂျပန်လွှတ်တော် အမတ်တွေနဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေ စုစုပေါင်း (၂၀)ကျော် တက်ရောက်ကြောင်း သိရပါတယ်။

အစိုးရရဲ့ အထက်မှာ စစ်ကောင်စီဆိုတာရှိနေတဲ့အတွက် မြန်မာနိုင်ငံဟာ အများမျှော်လင့်သလို ဒီမိုကရေစီ နိုင်ငံ အဖြစ်ကို မရောက်နိုင်သေးကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို မသွားနိုင်ပဲ ဆန့်ကျင်သူ မှန်သမျှကို ဖိနှိပ် ချေမှုန်းမယ်ဆိုတဲ့ အယူအဆနဲ့ သွားနေတဲ့အတွက် တိုင်းရင်းသားများနဲ့ ပြည်တွင်းစစ် ဖြစ်ပွါးနေကြောင်း၊ ဒီစစ်အတွင်းမှာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က ရရှိတဲ့ လက်နက်တွေ အပြင် ဓါတုလက်နက်တွေကို အသုံးပြုနေတယ် ဆိုတဲ့ အထောက်အထားများကို ရှင်းလင်း တင်ပြခဲ့ကြောင်း တိုကျို မြန်မာ့ရေးရာရုံး တာဝန်ခံ ဒေါက်တာမင်းညို က ပြောပြပါတယ်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ကတော့ ကချင် စစ်ပွဲဒေသနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ သတင်း အချက်အလက် အပြည့်အစုံ မရသေးကြောင်း၊ စစ်ပြေး ဒုက္ခသည်တွေကို ကုလသမဂ္ဂ အဖွဲ့တွေက တဆင့် ကူညီဖို့ စဉ်းစားသွားမည့်အကြောင်း ပြန်လည်ပြောဆိုတယ်လို့ သိရပါတယ်။

ဂျပန်လွှတ်တော် ကြားနာပွဲမှာ ဆွေးနွေးကြတာနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်ရဲ့ စုစည်းတင်ပြချက် အပြည့်အစုံကိုနားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။