အကျဉ်းသားဇနီးကို ထောင်ပိုင်ခြိမ်းခြောက်

အင်းစိန်အကျဉ်းထောင်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားရဲ့ ကျန်မာရေး အခြေအနေကို ပြည်ပ သတင်းမီဒီယာတွေကို ပြောရကောင်းလား ဆိုပြီး ထောင်အာဏာပိုင်တွေက အကျဉ်းသားရဲ့မိသားစုကို သတိပေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

2010.12.06
insein_prison_gate_305_z.jpg နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အင်းစိန်ထောင် အာဏာပိုင်တွေကနေ သတိပေးတာကို ခံခဲ့ရသူကတော့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုရဲထွဋ်ခေါင်ရဲ့ ဇနီး မမေမျိုးစု ဖြစ်ပါတယ်။

ကိုရဲထွဋ်ခေါင်ရဲ့ ကျန်းမာရေး ချို့တဲ့နေတဲ့အကြောင်း ပြည်ပ သတင်းမီဒီယာတွေကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၄ ရက် ပြီးခဲ့တဲ့ စနေနေ့က ထောင်ဝင်စာ သွားတွေ့ချိန်မှာ သူမကို ခေါ်ယူ သတိပေးတာ ခံခဲ့ရတယ်လို့ မမေမျိုးစုက ပြောပါတယ်။

“ထောင်ပိုင်ကြီးက ဘာပြောလဲဆိုတော့ သတင်းတွေ ပါလာတယ်ပေါ့နော်။ ဒါကျမက ဖြစ်တဲ့အပေါ်မှာ ဖြစ်တဲ့အတိုင်း အမှန်တိုင်း ပြောလိုက်တာပေါ့။ အဲလိုမျိုးပြောတယ်။ အဲဒါပြောတော့သူက ငါတို့ကတဲ့ ဘယ်သူ့ကိုဖြစ်ဖြစ် အကျဉ်းသားတွေ အကုန်လုံးကိုပေါ့နော်၊ မိသားစုသဖွယ် သားသမီးသဖွယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကုသပြီးတော့ လုပ်ပေးနေတာပေါ့နော်။ အဲဒီတော့ ဘာပဲ ဖြစ်ဖြစ်တဲ့ ငါတို့ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီးတော့တဲ့ ထိခိုက်တာပါလာရင်တော့ တရားစွဲရမှာပဲတဲ့။ အဲဒါတဲ့ ခေါ်ပြီး သတိပေးတာတဲ့။ နောက်နောင်ကိုပေါ့ ဘာပဲဘာကိစ္စရှိရှိ သူ့ကိုလာပြီး ဝင်ရောက်တွေ့လို့ရတယ်ပေါ့။ ဒါပေမဲ့ အရေးတကြီးကိစ္စတွေ ရှိမှပေါ့။ မလိုအပ်ပဲနဲ့လည်း မတွေ့နဲ့ပေါ့နော်။ နောက်တခါ ဟိုမဟုတ်တာတေ ွပါလာမယ်ပေါ့။ အဲလိုမျိုး ငါတို့အုပ်ချုပ်ရေး ပိုင်းနဲ့ ပတ်သက်ပြီးတော့ ငါတို့အတွက် ထိခိုက်နစ်နာတာတွေ ပါလာမယ်ဆိုရင် တရားစွဲရမယ်ဆိုတာ ညည်းကို ခေါ်ယူသတိ ပေးတာတဲ့။ သမီးကို အဲလို ပြောလိုက်တယ်။”

ကိုရဲထွဋ်ခေါင်ဟာ အကြောတွေ ဆိုင်းကာ ချိနေပြီး လမ်းတောင် ကောင်းကောင်း မလျှောက် ဖြစ်နေတာပါ။ သူ့ရဲ့ ကျန်းမာရေးချို့တဲ့ အခြေအနေနဲ့ ဆေးကုသမှု ကောင်းကောင်းမွန်မွန် မရတဲ့အကြောင်း သတင်းတွေမှာ ပါပြီးတဲ့နောက် ထောင်ပိုင်အပါအဝင် ထောင်ဆရာဝန်၊ ဆေးမှူးချုပ်၊ ထောက်လှမ်းရေးအရာရှိ စတာတွေက ကိုရဲထွဋ်ခေါင်ကို ခေါ်တွေ့ပြီး ဆေးစစ်ချက် ယူခဲ့သလို လာမဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပါရဂူဆရာဝန်ကြီးနဲ့ ပြပြီး ကုသပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ပြောပါတယ်။

ထောင်ဆေးမှူးချုပ်ကတော့ သူ့ရောဂါကို အခုအချိန်မှာ ဆေးကုသဖို့ လိုအပ်နေပြီလို့ ပြောကြောင်းနဲ့ ကိုရဲထွဋ်ခေါင်အပြင် တခြား နိုင်ငံရေး အကျဉ်းသားတချို့မှာလည်း အလားတူ ဝေဒနာမျိုး ခံစားနေကြရသူတွေ ရှိနေကြတယ်လို့လည်း မမေမျိုးစုက ပြောပါတယ်။

နိုင်ငံရေး၊ လူမှုရေးကိစ္စတွေကို လုပ်ဆောင်ခဲ့တဲ့ ကိုရဲထွဋ်ခေါင်ကို ၂၀၀၉ ခုနှစ် မေလထဲမှာ သူ့ရဲ့ နေအိမ်မှာ ချဲလက်မှတ်စာရွက် တွေ့လို့ ဆိုပြီး လောင်းကစားပုဒ်မနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-12-07 15:13

ထောင်ပိုင်က ခြိမ်းခြောက်တယ်လို့ ဆိုပြီး ထောင်ပိုင်နာမည် ထည့်မမေးထားဘူး။ တကယ်ဆိုရင် ထောင်ပိုင်နာမည် ပါမှ ပိုကောင်းမယ်ထင်တယ်။