ဖားကန့်က တနိုင်တပိုင် ကျောက်စိမ်း တူးသူတွေကို စစ်တပ်ဖမ်းဆီး
2014.04.04

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တပိုင် တနိုင်ကျောက်စိမ်းရှာဖွေတဲ့ လူငယ်တွေကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုကတိုင်ကြားလို့ ဒေသခံ စစ်တပ်က ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး၊ အဲဒီဖြစ်ရပ်ကို NLD အဖွဲ့ကရိုက်ထားတဲ့ သတင်းမှတ်တမ်းဓါတ်ပုံတွေ ဖျက်ဆီးခံလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့မှာ တပိုင်တနိုင်ကျောက်တူးနေတဲ့ လူငယ်တွေကို တရုတ်လူမျိုးနဲ့ဖက်စပ် တစ်သုံးလုံးကုမ္ပဏီက ဖမ်းခိုင်းတဲ့အတွက်၊ ဝိုင်းအဖမ်းခံနေရချိန်မှာ မိသားစုတွေက NLD မြို့နယ်တာဝန်ခံတွေကို အကူအညီ လာတောင်းတယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ် နန်းဂျာဆန်ကဆိုပါတယ်။ ဒါကြောင့် ဒေါ်န်းဂျာဆန်တို့ လိုက်သွားပြီး အဲဒီလိုဖမ်းဆီးခေါ်ဆောင်လာတာကို ဓါတ်ပုံမှတ်တမ်း ရိုက်ထားတာကို ဖျက်ဆီးခံရ တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
"ဒီဖမ်းထားတဲ့ကားပေါ့နော် လေးဆယ်ကျော်တယ်ပေါ့ အဲ့ဒါလည်း သူကကွန်ပျူတာရိုက်ပြီးမှ မှတ်တမ်းတွေ ယူနေတဲ့အချိန်ပေါ့ သူတို့က မရိုက်နဲ့ ဘာဖြစ်လို့ရိုက်တာ လည်း ပစ်လိုက်မယ် ဘာညာပေါ့ အဲ့ဒီလို မျိုးအော်တော့ အဲ့မှာတစ်ခါတည်း ကားကရပ်ပြီးတော့ စစ်သားတွေ ပြေးလာပြီးမှ ကျွန်မတို့ကိုလာဝိုင်းထားပြီ ကျွန်မကို အဲ့ဒီမှာ ကိုနောင်လက် က ချက်ချင်းပြောလိုက်တာပေါ့နော် ဒီ NLD က သတင်းမီဒီယာမြို့နယ်က ဟုတ်တယ်ဆိုပြီး ပြောလိုက်တဲ့အခါမှာ သူတို့ သေနက်ချိန်ထားရာကနေ သေနက်ကတော့ဖယ်လိုက်ပြီ၊ ကိုယ်ထိလက်ရောက်တော့ ဘာမှမလုပ်ပါဘူး၊ အစ်မခဏလေးလိုက်ခဲ့ပေးပေ့ါနော်ပြောတော့ ရတယ်လိုက်ခဲ့ပေးမယ် လို့ တစ်သုံးလုံး ကုမ္ပဏီက ကုန်းပေါ်မှာကို ကျွန်မတို့ကုန်းပေါ်ကို တက်သွားတော့ ဒီပုံတွေ ဖျက်ချင်တယ်တဲ့ ဖျက်မယ်နော် ကျွန်မလည်း ဖျက်ပါလို့လည်းမပြောဘူး မဖျက်နဲ့လို့လည်းမပြောဘူး ဒီအတိုင်းပဲကြည့်နေလိုက်တာ အဲ့ဒီမှာသူ့တပည့်တစ်ယောက်ကိုပေးလိုက်ပြီး ကျွန်မတို့မှတ်တမ်းတင်ထားတဲ့ပုံတွေ အကုန်လုံးဖျက်ခံလိုက်ရတယ်"
ဖားကန့်ဒေသတဝိုက်မှာ မနှစ်က စစ်ဖြစ်ထားတဲ့အတွက် ကုမ္ပဏီကြီးတွေရဲ့ ကျောက်တူးလုပ်ငန်းတွေ ရပ်တန့်နေရသလို ဒေသခံတွေကလဲ စားဝတ်နေရေး အခက်အခဲရှိတဲ့အတွက် မိရိုးဖလာ တပိုင်တနိုင်ရှာဖွေနေကြရာမှာ ကုမ္ပဏီကြီးတွေက အခုလိုဖမ်းခိုင်း တာမျိုးတွေမကြာခဏဖြစ်တယ်လို့ဆိုပါတယ်။
အခုဖြစ်ရပ်မှာတော့ ဖမ်းထားတဲ့လူငယ် ၄ဝ ကျော်ကို အားလုံးပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။