၂ဝ၂၅ မှာ လူသားချင်းစာနာမှုအကျပ်အတည်း အဆိုးဆုံးကြုံရမဲ့ စာရင်းထဲ မြန်မာပါဝင်
2024.12.11

၂ဝ၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှုအကျပ်အတည်း အဆိုးဝါးဆုံးကြုံရမဲ့ နိုင်ငံ ၂ဝ စာရင်းထဲ မြန်မာက တတိယနေရာမှာ ရှိနေကြောင်း နယူးယောက်အခြေစိုက် အပြည်ပြည်ဆိုင်ရာကူညီကယ်ဆယ်ရေးကော်မတီ - International Rescue Committee (IRC) က ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီနိုင်ငံတွေထဲမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆူဒန်က ပထမနေရာမှာ ရှိနေပြီး ပါလက်စတိုင်းက ဒုတိယနဲ့ မြန်မာက တတိယ၊ ဆီးရီးယားက စတုတ္ထနဲ့ တောင်ဆူဒန်က ပဉ္စမ နေရာမှာ ရှိနေတာပါ။
၂ဝ၂၄ ခုနှစ်စာရင်းထဲမှာ မြန်မာက ပဉ္စမနေရာမှာ ရှိခဲ့ရာက ၂ဝ၂၅ စာရင်းမှာ တတိယနေရာကို ရောက်လာတာဖြစ်ပါတယ်။
ဒီနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းတပ်တွေ ညီညွတ်မှု အရှိန်ကောင်းလာတာကို တွေ့မြင်ရပြီး တိုက်ပွဲတွေကြောင့် လူဦးရေ ကိုးသိန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ IRC က ထောက်ပြပါတယ်။ ဒီအရေအတွက်ဟာ ၂ဝ၂၃ ခုနှစ်ကထက် ၃၇ ရာခိုင်နှုန်း တိုးလာတာလို့ ဆိုပါတယ်။
ဒါ့အပြင် ကာလဝမ်းရောဂါ အပါအဝင် တခြားရောဂါဖြစ်ပွားမှုတွေကြောင့် ပဋိပက္ခတွေအတွင်း ယိုယွင်းနေတဲ့ ကျန်းမာရေးကဏ္ဍကို ပိုဆိုးစေခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ရေဘေးနဲ့ သဘာဝဘေးဒဏ်တွေကြောင့် ကြုံလာရတဲ့ လိုအပ်ချက်တွေကိုလည်း မကိုင်တွယ်နိုင်ဘဲ ဖြစ်နေပြီး ဒီအခြေအနေတွေဟာ လာမဲ့နှစ်မှာ နိုင်ငံကို အဆုံးစွန်အခြေအနေကို တွန်းပို့လိမ့်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။