ဂီရိမုန်တိုင်းသင့်ဒေသ ထူထောင်ရေး IRC အဖွဲ့ ဒေါ်လာ ၂၂ သန်း သုံးစွဲမည်
2013.10.21
လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က ရခိုင်ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တဲ့ ဂီရိဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံခဲ့ရတဲ့မြို့နယ်တွေမှာ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးအဖွဲ့ International Rescue Committee IRC က အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် သုံးစွဲသွားမယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။
IRC အဖွဲ့က တာဝန်ရှိသူတွေဟာ ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ဂီရိဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြို့နယ်တွေမှာ အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးကိစ္စတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ IRC ရဲ့ စီမံကိန်းဒါရိုက်တာ Vincent Jalabert က ပြောပါတယ်။
၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်းက ပြင်းအားကြီးတဲ့ ဆိုင်ကလုန်း ဂီရိမုန်တိုင်းဟာ ရခိုင်ကမ်းရိုး တန်းဒေသတွေဖြစ် တဲ့ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြားစတဲ့ မြို့နယ်တွေကို တိုက်ခတ်ခဲ့ပါ တယ်။ အဲဒီမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ကျေးရွာပေါင်း ၂၀၀ ကျော်မှာ စားနပ်ရိက္ခာဖူလုံမှုု စီမံကိန်းကို ၄ နှစ် အချိန်ကာလသတ်မှတ်ပြီး မြန်မာနိုင်ငံအခြေစိုက် IRC အဖွဲ့က အကောင် အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
ဂီရိဆိုင်ကလုန်းတိုက်ခတ်ခဲ့တာ ၃ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပေမဲ့ ဒေသခံတွေရဲ့ လူနေမှုဘဝတွေဟာ နဂိုအတိုင်း ပြန်မဖြစ်သေးဘူးလို့ သိရပါတယ်။