ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး စစ်တွေမှာဖွင့်


2017.10.30
rakhine-investment-commission-office-622.jpg ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အောက်တိုဘာလ ၃၀ ရက်နေ့က ဖွင့်လှစ်တဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ရုံးကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

အမေရိကန်ဒေါ်လာ ၅ သန်းအောက် ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။

ဒီကော်မတီရုံးကနေ ဆောင်ရွက်ပေးသွားမယ့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး က အခုလိုပြောပါတယ်။

"ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အပိုင်းမှာ နှစ်ပိုင်းရှိပါတယ်၊ ပထမတစ်ပိုင်းကတော့ အမေရိကန်ဒေါ်လာ ၅ သန်းပေါ့ မြန်မာကျပ်ငွေနဲ့ဆို သန်း ခြောက်ထောင်ပေါ့၊ အဲဒီအောက်မှာရှိတဲ့ လုပ်ငန်းတွေဆိုရင် ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက စိစစ်ပြီးတော့ အတည်ပြုပေးနိုင်ပါတယ်၊ အဲဒါကျော်မှသာ ရန်ကုန်မှာရှိနေတဲ့ MIC ကို တင်ဖို့လိုပါတယ်၊ ရန်ကုန်မှာရှိတဲ့ MIC ကို တင်တဲ့အပိုင်းမှာလည်း သူတို့တင်ရမယ့် စာရွက်စာတမ်းတွေကို ဒီရုံးမှာတင်လို့ရတယ်၊ ဒီရုံးကနေ ရန်ကုန်ကိုပို့ပေးမယ်၊ ရန်ကုန်ကို ကိုယ်တိုင်သွား တင်စရာမလိုဘူး"

စီးပွားရေးနဲ့ ကုမ္ပဏီပိုင်းဆိုင်ရာလုပ်ငန်းတွေ၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ ချိတ်ဆက်ပြီး တိုးချဲ့လုပ်ကိုင်နိုင်ဖို့အတွက် ဒီကော်မတီရုံးကို ဖွင့်လှစ်တာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကုမ္ပဏီပေါင်း ၇၇၀ ကျော်ရှိပြီး ကုမ္ပဏီသစ်တွေ ထူထောင်လိုသူတွေအနေနဲ့ ရန်ကုန်နဲ့ နေပြည်တော် အထိ သွားရောက်ဖို့မလိုတော့ဘဲ ဒီနေ့ စစ်တွေမြို့မှာ ဖွင့်လှစ်လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ တိုက်ရိုက်လျှောက်ထားဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

တိုင်းနဲ့ပြည်နယ် အသီးသီးမှာ အစိုးရက ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးတွေကို ဖွင့်လှစ်ထားပြီး ဒီနေ့ ရခိုင်ပြည်နယ်မှာ ဖွင့်လှစ်ပေးခဲ့တဲ့ရုံးဟာ ၁၄ ခုမြောက်ဖြစ်သလို ရှေ့လမှာ ချင်းပြည်နယ်မှာ ဆက်လက်ဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။

ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ ခွင့်ပြုထားတဲ့ စီးပွားရေးလုပ်ငန်းတွေမရှိသေးသလို စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အခြေခံလိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့လည်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ ပြဿနာတွေဟာ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုမရှိပေမယ့် ရေရှည်အတွက် ပြဿနာတွေ ကာလကြာရှည်နေမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အနည်းနဲ့အများ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။