ပျောက်ဆုံးနေတဲ့ ကျောက်တော် တင်းမရွာသား ၁၈ ဦးအမှု စုံစမ်းစစ်ရေးအဖွဲ့နဲ့စစ်ဆေး

မင်းသိန်းအောင်
2021.01.25

ကျောက်တော်မြို့နယ် တင်းမကျေးရွာမှာ တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးပြီး ပျောက်ဆုံးနေတဲ့ ကျေးရွာသား ၁၈ ဦးနဲ့ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ တင်းမကျေးရွာက ရပ်မိရပ်ဖ ဦးထွန်းသိန်းတို့ သုံးဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ဇန်နဝါရီ ၂၃ နဲ့ ၂၄ ရက်နေ့ အချိန်နှစ်ရက်ကြာ စစ်ဆေးခဲ့တာပါ။

မြောက်ဦးခရိုင်စီမံခန့်ခွဲမှုကော်မတီက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ဒီစုံစမ်းစစ်ရေးအဖွဲ့ကိုဖွဲ့ပြီး စစ်ဆေးနေတာပါ။

ပျောက်ဆုံးနေတဲ့ လူ ၁၈ ဦးထဲက ၁၂ ဦးရဲ့မိသားစုဝင်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ ပထမဆုံး ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ကျန်ရှိနေတဲ့ မိသားစုဝင်တွေနဲ့ ပထမအကြိမ်မှာ စစ်ဆေးခံခဲ့တဲ့သူတွေကိုပါ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဒုတိယအကြိမ်အဖြစ် စစ်ဆေးတာလို့ ပျောက်ဆုံးနေသူ အသက် ၂၈ နှစ်အရွယ် ကိုနေလင်းဦးရဲ့ဖခင် ဦးမောင်ကျော်ဝင်းကပြောပါတယ်။

"မြောက်ဦးကိုစစ်ဆေးခံဖို့ မသွားခဲ့တဲ့သူတွေကို စစ်ဆေးတာ။ နောက်ပြီးတော့ မြောက်ဦးမှာ ထွက်ဆိုခဲ့တဲ့ အချက်တွေနဲ့ ဒီမှာတစ်ဖန် စစ်ဆေးတာနဲ့တူ မတူ အဲဒါတွေကိုပါ စစ်ဆေးတာပါ။ ကျွန်တော်တို့ ပြောခဲ့တာက ဖမ်းထားတဲ့ရွာသားတွေကို ရှိနေသေးရင်လည်း လွှတ်ပေးစေချင်တယ်။ မရှိရင်လည်း မရှိတော့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောစေချင်လို့ အဲလိုပြောခဲ့တယ်။"

ပျောက်ဆုံးနေသူ အသက် ၃၄ နှစ်အရွယ် ဦးမောင်သန်းစိုးရဲ့ဇနီး ဒေါ်မအေးလှက စုံစမ်းစစ်ဆေးရေးအဖွဲ့က တပ်ရင်းနာမည်ကိုမေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

"ကျွန်မတို့ ပထမစစ်ဆေးချက်ကို စာနဲ့ရေးတဲ့အခါ ကျန်ခဲ့လို့ဖြည့်စွက်ရမယ့်ဟာတွေကို ပြောပြပါတယ်။ တပ်မ - ၅၅ ဆိုတဲ့စကားလုံးဟာ စာနဲ့ရေးတဲ့အခါ ပါမလာဘူး။ အဲဒါတွေကို ပြန်ပြောရပါတယ်။ သူတို့က ဘယ်တပ်ရင်းလဲလို့ မေးပါတယ်။ တပ်ရင်းနာမည်ကိုသိလားလို့မေးတော့ ကျွန်မတို့လည်း လက်မောင်းမှာ ၅၅ လို့ရေးထားကိုပဲ မြင်လိုက်တယ်။ တပ်ရင်းနာမည်တွေကိုတော့ မသိဘူးလို့ ပြန်ဖြေခဲ့တယ်" လို့ သူက ရခိုင်ဘာသာစကားနဲ့ပြောဆိုသွားတာပါ။

ပြီးခဲ့တဲ့နှစ် မတ်လ ၁၃ ရက်နေ့က တင်းမသစ်ကျေးရွာကို တပ်မတော်စစ်ကြောင်းတစ်ခု ရောက်ရှိလာပြီး နောက် ရွာသားတွေကို ကျေးရွာ မူလတန်းကျောင်းမှာ ခေါ်ယူစုဝေးခဲ့တယ်၊ အဲဒီနောက် ရွာသား ရှစ်ဦးရဲ့ မျက်နှာကို စည်းပြီးတော့ အရှေ့ဘက် တောင်တန်းတွေဆီကို ခေါ်ဆောင်သွားခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

နောက် သုံးရက်အကြာ မတ်လ ၁၆ ရက်နေ့မှာလည်း တင်းမကြီးရွာထဲကို တပ်မတော်စစ်ကြောင်းက အလားတူ ရောက်ရှိလာခဲ့ပါတယ်။

ဒီရွာမှာတော့ ရွာသား ၁၀ ဦးကို နောက်ပြန်ကြိုးတုပ်ပြီး အခြားရွာသား ၅၀ ကျော်နဲ့အတူ တပ်မတော်က ယာယီစခန်းချထားတဲ့ ရွာအရှေ့ဘက်က တောင်ရှည်တောင်တန်းဆီကို ခေါ်သွားခဲ့တယ်၊ အဲဒီနောက် ရွာသား ၅၀ ကျော်ကိုပြန်လွှတ်ပေးလိုက်ပေမယ့် နောက်ပြန်ကြိုးတုပ်ထားတဲ့ ၁၀ ဦးကတော့ ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ ရွာသားတွေနဲ့ မိသားစုဝင်တွေကပြောပါတယ်။

မတ်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးခံထားရတဲ့ လူ ၁၀ ဦးထဲက အသက် ၄၀ ကျော်အရွယ် ဦးမောင်ဝင်းကို ကိုတော့ ဖမ်းဆီးခံရပြီး နောက်နေ့ မတ်လ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီခန့်မှာ ကုလားတန်မြစ်ထဲအတွင်း သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ကျေးရွာသားတွေက တွေ့ရှိခဲ့ပါတယ်။

ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ မိသားစုဝင်တွေက နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ၊ ကာကွယ်ရေး ဝန်ကြီးဌာနတွေထံ ဒီဇင်ဘာလ ၁ ရက်နေ့က စာရေးသားပေးပို့ထားခဲ့ကြပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဦးထွန်းသိန်းက မိသားစုတွေရဲ့ထွက်ဆိုချက်ကို နိုင်ငံတော်အကြီးအကဲတွေထံကို ပေးပို့သွားမယ်လို့ပြောပါတယ်။

"နိုင်ငံတော် သမ္မတရုံးကို ပို့မယ်။ နောက်ပြီးတော့ အတိုင်ပင်ခံရုံးကို ပို့မယ်။ နောက်ပြီးတော့ ကာကွယ်ရေး ဝန်ကြီးဌာနရုံးကို ပို့မယ်။ နောက်ပြီး လူ့အခွင့်အရေးကော်မရှင်ထံ ပို့မယ်။ ဒီစာကို ဘယ်နေ့ပို့မလဲဆိုတာ သိချင်တယ်လို့ ဦးလေးက မြို့နယ်အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ သူက ကျွန်တော်တို့ ကော်မတီဝင် သုံးဦးဟာ အစည်းအဝေးထိုင်ပြီးမှ ဆုံးဖြတ်မယ်လို့ပြောတယ်။ ဘယ်နေ့ အစည်းအဝေးထိုင်မယ် ဆိုတာကိုတော့ မသိသေးဘူး။"

တင်းမရွာသား ၁၈ ဦးကိစ္စနဲ့ပတ်သက်လို့ တပ်မတော်က သူတို့ဖမ်းထားတာမရှိဘူးလို့ ငြင်းဆိုထားကြတာပါ။

အခုမြို့နယ်အဆင့်မှာ စုံစမ်းစစ်ဆေးမှုမှာ တပ်မတော်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပေါ်ပေါက်လာရင် တပ်မတော်က ဖြေရှင်းပေးသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။

"တင်းမရွာဘက်မှာ တိုက်ပွဲဖြစ်ခဲ့တဲ့ဟာ ရှိတယ်။ ရှောင်တိမ်းနေတဲ့ဟာတွေ ရှိတယ်။ တချို့ကိစ္စတွေ ကတော့ ရွာသားတွေကို မြို့နယ်ကစစ်ဆေးရင်တော့ ဘာကြောင့်ဖြစ်တယ်ဆိုတာ ပေါ်လာမှာပဲ။ စစ်ဆေးချက်ပေါ်လာလို့ တပ်မတော်နဲ့ပတ်သက်တဲ့ဟာ ပေါ်လာရှိလာတယ်ဆိုရင် တပ်မတော်ကတော့ ဒါအတွက်ရှင်းလင်းပေးမယ် ဒါပါပဲ။"

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ခုနှစ်အတွင်း တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားပြီး နောက် ပျောက်ဆုံးနေသူအရေအတွက် ၂၂ ဦးအထိရှိတယ်လို့ စာရင်းပြုစုထားတဲ့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။