တရားမဝင် မြန်မာနိုင်ငံသား ၂၄ ယောက် ထိုင်းရဲတပ် ဖမ်းဆီး


2017.05.28
myanmar-24peoples-620.jpg ကားပေါ်မှာ တရားမဝင် မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့မှာ မေလ ၂၆ ရက်နေ့က ဖမ်းဆီးမိစဉ်
Photo: Aung Moe Myint/RFA

ထိုင်းနိုင်ငံထဲကို လူကုန်ကူးသူတွေကတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၄ ယောက်ကို ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မေလ ၂၆ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ကန်ချနဘူရီမြို့ပြင် အဝေးပြေးလမ်းမမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ စောင့်ဆိုင်းစစ်ဆေးခဲ့ရာမှာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်အထောက်အထား ဘာမှမရှိကြတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမိခဲ့တာဖြစ် ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကတော့ ဒီလူကုန်ကူးသူတွေဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်က ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့နဲ့ ဖမ်းဆီးနိုင်ခဲ့တဲ့ လူကုန်ကူးဂိုဏ်းအဖွဲ့က ဖြစ်တယ်လို့ ပြောပါတယ်။

"ကန်ချနဘူရီမှာ သူတို့တင်လာတာကို လမ်းမှာမိတာ၊ လူကတော့ ၂၄ ယောက်၊ သတင်းတွေမှာ တက်တာက လူတစ်ယောက်ကို (ဘတ်) ၈ဝဝဝ ဖြစ်ပေမယ့် ကျနော်တို့ သိထားတာက အနည်းဆုံး တစ်သောင်းနှစ်ထောင်ကနေ နှစ်သောင်းအထိ ပေးရတယ်ဆိုတာ သိထားတယ်၊ အဲဒီလမ်းကြောင်း လည်း အမြဲတမ်းတင်ပို့နေတဲ့ လမ်းကြောင်းဖြစ်တယ်၊ ဒါ့အပြင် အဲဒီလမ်းကြောင်းကနေပြီးတော့ မလေးရှား နယ်စပ်ဘက်ကိုထိသွားတယ်၊ အဲဒါတွေကိုလည်း ကျနော်တို့က ဒီထိုင်းအစိုးရက လူကုန်ကူးမှုတိုက်ဖျက်ရေး DSI တို့ကို သတင်းပေးနိုင်ရုံလောက်ပဲ ကျနော်တို့ လုပ်နိုင်တယ်"

ကန်ချနဘူရီခရိုင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံ သားတွေဟာ ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင် နေထိုင်ခွင့် သက်သေစာရွက်စာတမ်းဘာမှ မရှိကြသလို ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်ဖို့အတွက် လူပွဲစားတွေကို တစ်ယောက်ကို ထိုင်းဘတ်ငွေ ရှစ်ထောင်စီပေးခဲ့ကြရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံသားတွေကို ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား လူပွဲစားကတော့ ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရာမှာ ချက်ချင်း မရပ်ဘဲ မောင်းပြေးပြီး ကားနဲ့ မြန်မာနိုင်ငံသားတွေကို ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ် လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။