ကချင်နဲ့ စစ်ကိုင်း မြို့နယ်တချို့မှာ အင်တာနက်လိုင်းပြန်ရနေ

RFA သတင်းထောက်
2023.01.04
ကချင်နဲ့ စစ်ကိုင်း မြို့နယ်တချို့မှာ အင်တာနက်လိုင်းပြန်ရနေ မြန်မာနိုင်ငံက Facebook သုံးစွဲသူများ။
File Photo: AFP

စစ်တပ်က အာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်တိုင်းအထက်ပိုင်း မြို့နယ်တချို့မှာ ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး အင်တာနက်လိုင်းတွေ ပြန်သုံးလို့ရနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါပေမဲ့ အောရီဒူးနဲ့ MPT တို့ရဲ့ အင်တာနက်လိုင်းတွေ မရသေးဘဲ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ Atom(telenor) နဲ့ Mytel ကုမ္ပဏီတွေရဲ့ အင်တာနက်လိုင်းတွေပဲ ဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ တစ်နှစ်ခွဲကျော်ကြာအောင် အင်တာနက်လိုင်းအပိတ်ခံထားရတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း မနေ့ကစပြီး အင်တာနက်ပြန်သုံးလို့ရနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“Telenor(atom) နဲ့ Mytel ပဲဖွင့်ထားလို့ ဖားကန့်မှာဆိုရင် Atom ဖုန်းကဒ်တွေ ဝယ်လို့မရတဲ့အထိ ဖြစ်နေတယ်။ဘာကြောင့်ပြန်ဖွင့်ပေးတာလဲတော့ မသိဘူး။ 4G အထိတော့ တက်နေတယ်။ အရင်ကလည်း ခေတ္တခဏ ပြန်ဖွင့်ပေးပြီး ပြန်ပိတ်တာတွေရှိတော့ ပြန်ပိတ်မလားတော့မသိဘူး”

ဖားကန့်ဒေသမှာ ဖုန်းအင်တာနက်ပိတ်ထားချိန်မှာ လူငယ်တွေဟာ အင်တာနက်ဆိုင်တွေသွားပြီး တစ်နာရီ ငါးထောင်ကျပ်ကနေ တစ်သောင်းကျပ်အထိ ပေးသုံးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းအထက် ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေမှာလည်း မနေ့ညကတည်းက Atom ဖုန်းလိုင်းတွေ ပြန်ရနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ဘက်မှာ ပြန်ရနေတယ်။ တခြားဘယ်နေရာတွေ ရသေးလဲတော့ အတိအကျ မသိရသေးဘူး။ ကျနော်တို့ဘက်မှာ အင်းတာနက်လိုင်းတွေကို ၂ဝ၂၂ ခုနှစ် နှစ်လပိုင်း သုံးလပိုင်းလောက်ကတည်းက ပိတ်ထားတာ”

အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အင်တာနက်လိုင်းတွေပိတ်ပြီး သတင်းအမှောင်ချခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။