နိုင်ငံတကာကျောင်းတွေမှာ နေ့စဉ် နိုင်ငံတော်သီချင်းဆိုပြီး အလံအလေးပြုဖို့ စစ်ကောင်စီ ပြော
2024.02.26

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်း (International School) တွေမှာ နေ့တိုင်း နိုင်ငံတော်အလံ အလေးပြုပြီး နိုင်ငံတော်သီချင်း ဆိုရမယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဖေဖော်ဝါရီ ၁၆ နေ့မှာ ပြောခဲ့ပါတယ်။
နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ တက္ကသိုလ် ပါမောက္ခချုပ်တွေ၊ တိုင်းနဲ့ ပြည်နယ် ပညာရေးမှူးတွေ၊ ခရိုင်ပညာရေးမှူးတွေနဲ့တွေ့ဆုံချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ မြန်မာစာ၊ ပထဝီနဲ့ မြန်မာ့သမိုင်း ဘာသာရပ်တွေကို မဖြစ်မနေ ထည့်သွင်းသင်ကြားရမယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောခဲ့ပါတယ်။
ရန်ကုန်မြို့က ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းမှာ ကျောင်းတက်နေတဲ့ ကလေးတစ်ဦးရဲ့ မိခင်ကတော့ အခုလို ညွှန်ကြားချက်တွေကြောင့် ကလေးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်နေရပြီလို့ RFA ကို ပြောပါတယ်။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ အစိုးရကျောင်းတွေကို လုံခြုံရေးအရ မထားချင်တော့လို့ ပုဂ္ဂလိကကျောင်းတွေကို ရွေးပြီးထားခဲ့တာပါ။ ပညာရေးအရလည်း ကျက်ပြီးဖြေရတဲ့ ပညာရေးမျိုးလည်း မသင်စေချင်တော့တာလည်း ပါတယ်ပေါ့လေ။ ကျွန်မတို့ မောင်နှမတွေလို သုံးစားမရတဲ့ ပညာရေးမျိုးတွေကို သားသမီးတွေကို အမွေမပေးချင်တော့လို့ ငွေကုန်ခံပြီး သားသမီးတွေ ရှေ့ရေးအတွက် ထားပေးနေတာပါ။ အခု မြန်မာစာ၊ ပထဝီနဲ့ သမိုင်းတွေပါ သင်ရဦးမယ်ဆိုတော့ ကျွန်မတို့တုန်းကလိုပဲ ကလေးတွေ Brain Wash လုပ်ခံရတော့မှာကိုတော့ စိုးရိမ်နေရပါသေးတယ်”
International ကျောင်းမှာ စာသင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဒဂုံမြို့ခံ ဆရာမတစ်ဦးက မြန်မာလူမျိုးတွေကို နိုင်ငံတော်သီချင်းဆိုခိုင်းပြီး နိုင်ငံတော်အလံ အလေးပြုခိုင်းတာ မခက်ခဲပေမယ့် နိုင်ငံခြားသား ကျောင်းသားတွေအတွက် ခက်ခဲနိုင်တယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်မတို့ International ကျောင်းကိုလာပြီး ကျောင်းသားတွေကို မြန်မာစာ တတ်မြောက်လား၊ ဖတ်တတ်လား ဆိုတာတွေတော့ စစ်ကောင်စီရဲ့ လက်အောက်ကဖြစ်တဲ့ ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမတွေ လာစစ်သွားသေးတယ်။ မြန်မာမိသားစုက မွေးလာတဲ့ကလေးတွေအတွက် မြန်မာစာနဲ့ မြန်မာ့သမိုင်းတွေကို သင်ပေးရမှာ မခက်ခဲပေမယ့် နိုင်ငံခြားသားကလေးတွေကိုတော့ သင်ပေးရရင် ခက်ပါလိမ့်မယ်။ နိုင်ငံတကာက နိုင်ငံခြားသားကလေးတွေက နိုင်ငံတော်သီချင်း လိုက်မဆိုနိုင်ဘူးလေ။ သူတို့အတွက် ခက်ခဲတာပေါ့”
ပြည်ထောင်စုဝန်ကြီးက ခရိုင်ပညာရေးမှူးတွေကို မြို့နယ်၊ ခရိုင်အတွင်းမှာရှိတဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေနဲ့ International ကျောင်းတွေက ကျောင်းသားကျောင်းသူတွေရဲ့ စာရင်းနဲ့ သင်ကြားမှု၊ တက်မြောက်မှု ရှိ၊ မရှိ အခြေအနေကို လေ့လာစစ်ဆေးဖို့လည်း မှာကြားထားတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
စစ်ကောင်စီလက်ထက် ၂၀၂၃ ခုနှစ်၊ မေလ ၁၂ နေ့က အသစ်ပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂလိက ပညာရေးဥပဒေမှာ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်သူတွေကို ထောင်ဒဏ် ခြောက်လကနေ နှစ်နှစ်အပြင် ငွေဒဏ်ကျပ်သိန်း သုံးဆယ်အစား ကျပ်သိန်း ငါးရာအထိတိုးပြီး ချမှတ်ထားပါတယ်။
စစ်အာဏာမသိမ်းခင် ၂၀၁၁ ခုနှစ် ပုဂ္ဂလိက ပညာရေးဥပဒေ အဟောင်းမှာတော့ ငွေဒဏ်ကျပ် တစ်သိန်းကနေ သုံးသိန်းအထိပဲ ရှိခဲ့တာပါ။