ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ပြန်လွှတ်ဖို့ ရုပ်ရှင်ဒါရိုက်တာတွေ တောင်းဆို
2019.05.05

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် ဦးဆောင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို နယ်သာလန် အခြေစိုက် မှတ်တမ်းရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့ နှစ်ခုက ဦးဆောင်စီစဉ်နေပါတယ်။
အမ်စတာဒမ် အခြေစိုက် နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့နဲ့ ရော့တာဒမ် အခြေစိုက် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပရေးအဖွဲ့က ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ လက်မှတ်တွေကို စုစည်းနေတာဖြစ်ပါတယ်။
အဲဒီလှုပ်ရှားမှုမှာ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်စတဲ့ ဥရောပနိုင်ငံတွေအပါအဝင် အာရှနိုင်ငံတွေက ရုပ်ရှင်ဒါရိုက်တာတွေပါ ပါဝင်လက်မှတ်ရေးထိုးပြီး တောင်းဆိုထားတာကို တွေ့ရပါတယ်။
အလားတူ မြန်မာနိုင်ငံက ဒါရိုက်တာတွေလည်း ပါဝင်လက်မှတ်ရေးထိုး တောင်းဆိုထားပြီး မေလ ၂ ရက်နေ့အထိ ဒါရိုက်တာ စုစုပေါင်း ကိုးရာခန့်က ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ပြန်လွှတ်ပေးဖို့ ပါဝင်တောင်းဆိုထားပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အတွင်း ရေးသားချက်တွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး လင်းထွန်းက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အင်းစိန်မြို့နယ် တရားရုံးမှာ တရားစွဲထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့လည်း တပ်မတော်က ထပ်မံ တရားစွဲထားပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတဲ့အမှုကို အင်းစိန်မြို့နယ် တရားရုံးက အာမခံ မပေးဘဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဧပြီလ ၁၂ ရက်နေ့မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အဲဒီအမှုကို လာမယ့် မတ်လ ၉ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးချိန်းခေါ်ယူထားပါတယ်။