‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲကျင်းပ
2011.12.31

ပြည်သူလူထုက လွတ်လပ်ခြင်းကို ဘယ်လောက် မြတ်နိုးတယ် ဆိုတာ အခု ပြိုင်ပွဲဝင်တဲ့ ရုပ်ရှင်ကား အရေအတွက် ၂ ရာနီးပါး ရှိတာကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း ပွဲတော် ကျင်းပရေးကော်မီတီဝင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက RFA ကို ပြောပါတယ်။
ပွဲတော်ဖွင့်ပွဲကို The Lady ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတဲ့ ပြင်သစ်ဒါရိုက်တာ လုခ်ဘက်ဆင်နဲ့ မင်းသမီး မီရှယ်ယိုးတို့က နှုတ်ဆက်စကား ပေးပို့ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ သီချင်းတစ်ပုဒ်နဲ့ သီဆိုဖျော်ဖြေခဲ့တဲ့ အဆိုတော် ဆောင်းဦးလှိုင်က အခုလို ပြောပြပါတယ်။
“ကိုမင်းထင်ကိုကိုကြီးတို့ ဘာတို့က ကျနော်တို့နဲ့ လူမှုရေး လုပ်ဖော်ကိုင်ဘက်တွေလေဗျာ။ ပြီးတော့ အမေစုတို့ ဦးဇာဂနာတို့ ဦးစီးတယ်ဆိုတော့ ကျနော်တို့လည်း သွားအားပေးတဲ့သဘောပေါ့။ နောက် ဖွင့်ပွဲအထိမ်းအမှတ် သီချင်းလေးတပုဒ် ဆိုပေးခဲ့တာပေါ့။ နှစ်ကားပဲ ပြတယ်။ ဖွင့်ပွဲဆိုတော့ ရုပ်ရှင်တွေ သိပ်မပြဘူး။ Reunion လူငယ်လေးတဦးရဲ့ ကားပေ့ါ။ ဒါရိုက်တာနာမည်တော့ ရုတ်တရက် မမှတ်ထားလိုက်မိဘူး။ နောက် ကိုမင်းထင်ကိုကိုကြီးရဲ့ ‘အလျင်’ ဆိုတဲ့ကားရယ်။ အမေစု စကားပြောတယ်။ ကိုဇာဂနာ စကားပြောတယ်။ ကိုမင်းထင်ကိုကိုကြီးကတော့ ရုပ်ရှင်တွေနဲ့ မိတ်ဆက်ပေးတာပေ့ါ”
အခမ်းအနားကို ဧည့်ပရိတ်သတ် ၃ ရာလောက် တက်ရောက်တယ်လို့ သိရပါတယ်။