အင်းစိန်ထောင်မှာ ထောင်ဝင်စာပို့ဖို့နဲ့ ဧည့်တွေ့ဖို့ နေပူထဲ အချိန်ကြာမြင့်စွာ စောင့်နေရ

RFA Burmese
2024.04.30
အင်းစိန်ထောင်မှာ ထောင်ဝင်စာပို့ဖို့နဲ့ ဧည့်တွေ့ဖို့ နေပူထဲ အချိန်ကြာမြင့်စွာ စောင့်နေရ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
RFA

အင်းစိန်ဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရသူတွေရဲ့ မိသားစုဝင်တွေဟာ ထောင်ဝင်စာပို့ခွင့်ရဖို့နဲ့ ဧည့်တွေ့ခွင့်ရဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတယ်လို့ ထောင်ဝင်စာပေးပို့သူတွေက ပြောပါတယ်။

ထောင်ဝင်စာပို့သူနဲ့ ဧည့်တွေ့မယ့်သူတွေကို ခွဲခြားထားတာမရှိဘဲ တစ်တန်းတည်း တန်းစီခိုင်းထာပြီး နေ့စဉ် လူဦးရေတစ်ရာကျော်က နေအပူချိန်အောက်မှာ တန်းစီစောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။

ထောင်ဝင်စာပို့ဖို့နဲ့ ဧည့်တွေ့ဖို့ မနက်လေးနာရီကတည်းက အကျဉ်းထောင်ရှေ့မှာ စောင့်ဆိုင်းနေကြရပြီး အနည်းဆုံးသုံးနာရီကနေ ငါးနာရီအထိ စောင့်ဆိုင်းနေကြရတာပါ။

ဒီအခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကလည်း ဧပြီလ ၃၀ ရက်မနေ့က သတင်းထုတ်ပြန်ထားသလို ဒါဟာ အင်းစိန်အကျဉ်းထောင်တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့်လို့ ဖော်ပြထားပါတယ်။

(PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကတော့ ထောင်ဝင်စာနဲ့ ဧည့်တွေ့လာတဲ့ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိတွေအတွက် အခက်အခဲဖြစ်လာတယ်လို့ RFA ကို ပြောပါတယ်။

“ဒီလိုလူတွေကျတော့ ထောင်ရှေ့မှာ အချိန်အကြာကြီးတန်းစီရတဲ့အခါ နေအပူချိန်အောက်မှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြစ်လာတာပေါ့။ ပြီးတော့ နေရာရောင်းချတာတွေလည်းရှိတယ်။ ဒါက ထောင်အာဏာပိုင်တွေရဲ့ နေရာစီစဉ်မှု ညံ့ဖျင်းတာ”

ဒါ့အပြင် ထောင်ဝင်စာပို့တဲ့ ပစ္စည်းတွေလည်း နေအပူချိန်ကြောင့်ပျက်စီးပြီး စားသောက်လို့မရတော့တဲ့ အခြေအနေတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၀ ရက်နေ့ကလည်း သာယာဝတီအကျဉ်းထောင်မှာ ထောင်ဝင်စာပို့ဖို့စောင့်နေရတဲ့ နိုင်ငံရေးအကျဉ်းသူ မပန်းအိခင်ရဲ့မိခင်ဟာ နေအပူချိန်ကြောင့် ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးခဲ့ပါတယ်။

ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနပြောခွင့်ရ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။