ကသာမြို့နယ် အင်းရွာက ဒေသခံ ၃၀၀ ခန့် ထွက်ပြေးနေရ

2022.01.21
ကသာမြို့နယ် အင်းရွာက ဒေသခံ ၃၀၀ ခန့် ထွက်ပြေးနေရ ၂၀၂၂ ဇန်နဝါရီ ၁၉ ရက်နေ့က စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကသာမြို့နယ် အင်းရွာက နေအိမ်တစ်လုံးကို တွေ့ရစဉ်
Photo: KATHA Revolution - IR

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်၊ အင်းရွာမှာ စစ်ကောင်စီတပ်ဘက်က လှုပ်ရှားမှု တွေကြောင့် ကျေးရွာသား ၃၀၀ လောက်ဟာ လွန်ခဲ့တဲ့ သုံးရက်လောက်ကပင် ဒီနေ့အထိ တောတောင်တွေထဲမှာ ထွက်ပြေးခိုလှုံနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေကို ကြောက်တဲ့အတွက် ရွာထဲကို ပြန်မလာနိုင်သေးတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီတပ်တွေ ဝင်လာလို့ ကြောက်လို့ ရွာက လူတွေက ထွက်ပြေးခဲ့ရတယ်။ အခုက စစ်ကောင်စီတပ်တွေ ထွက်သွားကြပြီ။ ရွာသားတွေက တချို့က ပြန်လာပြီး တချို့က ကြောက်လို့ ပြန်မလာကြသေးဘူး။ သုံးပုံနှစ်ပုံလောက်ကတော့ ရှိတယ်။ ၃၀၀ လောက်ကတော့ အခုထိ ထွက်ပြေးနေရဆဲဖြစ်တယ်"

ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေ ရွာထဲမှာရှိနေချိန် နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေနဲ့ ဒေသခံတွေကို သံသယနဲ့ စစ်ဆေးတာတွေရှိတဲ့အတွက် မိုးတားကြီး၊ ဟဲနား၊ မြေနု၊ မိုးတားလေ၊ နောင်ပင်၊ ပင်ဘူး၊ ရွှေဂုန်တိုင်၊ ဝက်ခေါက်၊ နမ်ဆန်း၊ မှတ်တိုင်၊ ဆူးပူကုန် အစရှိတဲ့ကျေးရွာတွေက ဒေသခံ နှစ်ထောင်ကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေကြ ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ စစ်တပ်ရောက်လာရင် ဘယ်သူမှ မနေရဲဘဲ ထွက်ပြေးကြလေ့ရှိတယ်လို့ ကသာဒေသခံ တစ်ဦးက ပြောပါတယ်။

"အခုအနေအထားက ကျွန်တော်တို့ရွာဘက်မှာ အဲတပ်တွေ ရောက်လာပြီဆိုတော့ ကျွန်တော်တို့ တော်တော်များများက ထွက်ပြေးရတာပဲ။ သူတို့မရှိရင်တော့ ပြန်လာ ကြတယ်ပေါ့။ အဲလိုမျိုး အနေအထား ဖြစ်နေတယ်။ ကသာတစ်မြို့နယ်လုံးကို အဲတိုင်းဖြစ်နေတာ"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ နဲ့ ၁၈ ရက်တွေမှာ ကသာမြို့နယ်က မိုးတားကြီးနဲ့ မှတ်တိုင်ရွာတွေ ကို စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ကလေးငယ် သုံးဦးနဲ့ လူကြီးသုံးဦး၊ စုစုပေါင်း ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ညနေ ၃ နာရီခွဲလောက်ကလည်း ကသာမြို့နယ်၊ ဟဲနားကျေးရွာအုပ်စု၊ ကျွန်ပင် ကျေးရွာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးတစ်လုံး ပစ်ချသွားပြီး အရပ်သားတွေ ထိခိုက်မှု ရှိ၊ မရှိ ကိုတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။