အင်းလေးကန် ဟိုတယ်ဇုန် စီမံကိန်း မြေသိမ်းယူမှုတောင်သူတွေ မကျေနပ်
2013.01.17
သလဲဦးကျေးရွာအုပ်စု လယ်ယာမြေ သိမ်းယူမှုမှာ လျော်ကြေးပေးတာက စပါးတစ်ဧက ကျပ်လေးသိန်း နှစ်သောင်းကျော်၊ ကြံတစ်ဧက ကျပ်နှစ်သိန်း နှစ်သောင်းကျော်၊ မြေပဲတစ်ဧက ကျပ်တစ်သိန်း ခုနစ်သောင်းကျော်၊ နေကြာတစ်ဧက ကျပ်တစ်သိန်း ငါးသောင်းကျော်၊ ခရမ်းချဉ်တစ်ဧက ကျပ်သိန်းနှစ်ဆယ်၊ ဝါးတစ်ပင် ကျပ်နှစ်ထောင်၊ ဌက်ပျောတစ်ပင်ကျပ်ငါးထောင်နဲ့ သရက်တစ်ပင် ငါးသောင်းကျပ်စီ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
သီးနှံ့လျော်ကြေးငွေလက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ကန်ပဲ့ကျေးရွာက တောင်သူဦးသန်းမောင်က တောင်သူတွေ အနေနဲ့ မယူရင် ဥပဒေအရ တရားစွဲမယ်လို့ အာဏာပိုင်တွေက ပြောတော့ ကြောက်လန့်ပြီး လျော်ကြေး ယူခဲ့ရတာဖြစ်ကြောင်း အခုပေးတဲ့ လျော်ကြေးဟာ ဘယ်လိုမှ မိသားစုတွေ ရပ်တည်ဖို့အတွက် မဖြစ်နိုင်ကြောင်း RFA ကို ပြောပါတယ်။
အင်းလေးဟိုတယ်ဇုန်စီမံကိန်းကြောင့် မြေသိမ်းခံရတဲ့ တောင်သူ ၈၃ ဦးမှာ သီးနှံလျော်ကြေး ငွေထုတ်ယူသူ ၆၉ ဦး ရှိပေမယ့် အများစုက ကျေနပ်မှု မရှိဘူးလို့ သိရပါတယ်။
အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ မြေယာဥပဒေအရ နိုင်ငံတော်ရဲ့စီမံကိန်းတွေ လုပ်ကိုင်ဖို့အတွက် မြေယာ တွေကို သိမ်းဆည်းတဲ့အခါ အဲဒီမြေမှာ စိုက်ပျိုးထားတဲ့ သီးနှံတွေရဲ့ သုံးနှစ်စာ တန်ဖိုးကိုသာ ပေးလျော်ရမှာ ဖြစ်ပြီး ၊မြေနဲ့ လေကို နိုင်ငံတော်ကသာ ပိုင်ဆိုင်တယ်လို့ တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးက တောင်သူလယ်သမားတွေကို ရှင်းပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က သလဲဦးကျေးရွာ အုပ်စုမှာရှိတဲ့ ချောင်းပါး၊ ဝက်သားကင်၊ ဘုရားဖြူ၊ ညောင်ဝန်းစတဲ့ ကျေးရွာတွေက လယ်ယာမြေ သိမ်းခံတောင်သူ ၂၄ ဦးကို သီးနှံလျော်ကြေးငွေ ကျပ်သိန်း ၁၂၀၀ ကျော် ပေးအပ်ခဲ့သလို လာမယ့် ရက်ပိုင်းအတွင်းမှာလည်း ကျန်ကျေးရွာတွေဖြစ်တဲ့ အင်ကြင်းကုန်းနဲ့ ကန်ပဲ့ကျေးရွာက တောင်သူ ၄၅ ဦးကို သီးနှံလျော်ကြေးငွေ ကျပ်သိန်း ၃၉၀၀ ကျော် ဆက်လက် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
အင်းလေးဟိုတယ်ဇုန်မြေနေရာ ဖော်ထုတ်ရေး လုပ်ငန်းအတွက် သလဲဦးကျေးရွာအုပ်စုက ဒေသခံတွေဆီကနေ သိမ်းယူထားတဲ့ မြေ ၆၂၂ ဧကမှာ ဒေသခံတောင်သူတွေရဲ့ လယ်မြေ၊ ဥယျာဉ်ခြံမြေတွေနဲ့ အင်းလေးကန် အတွင်းရှိ ကျေးရွာတွေက ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းရဲ့ ထင်းစိုက်ခင်းတွေ ပါဝင်နေတယ်လို့ သိရ ပါတယ်။