ဘုတလင် မြို့မဈေး မီးရှို့ခံခဲ့ရပြီး ပစ်ခတ်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့ ဒေသခံ ငါးဦး ဒဏ်ရာရ

RFA Burmese
2024.02.26
ဘုတလင် မြို့မဈေး မီးရှို့ခံခဲ့ရပြီး ပစ်ခတ်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့ ဒေသခံ ငါးဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ဘုတလင် မြို့မဈေးကို စစ်ကောင်စီတပ် မီးရှို့ထားသည်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာ ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့မနက်ပိုင်း ဈေးထွက်ဝယ်တဲ့ ရဲတပ်သားတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့မဈေးကိုမီးရှို့ပြီး သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးနဲ့ ဒေသခံ ငါးဦး သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့မနက် ရှစ်နာရီဝန်းကျင်မှာ မြို့မဈေးတစ်ဝိုက် ဈေးဝယ်နေတဲ့ ရဲတပ်သား ကျော်ကိုကိုခန့်ဆိုသူကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဈေးကိုပါ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဈေးပတ်ဝန်းကျင်ကိုပါ သေနတ်နဲ့ပစ်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးနဲ့ ဈေးရောင်းနေတဲ့ ဒေသခံ ငါးဦး သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဘုတလင်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“ရဲတစ်ယောက် ဈေးဝယ်နေတဲ့အချိန်မှာပဲ အပစ်ခံရပြီး နေရမှာတင် ဆုံးသွားတယ်။ စစ်ကောင်စီဘက်ကလည်း ရမ်းပစ်တော့ ပြည်သူတွေလည်း ထိကုန်တယ်။ သေနတ်သံ ငြိမ်သွားမှ ဈေးကိုပါ ဝင်ရှို့သွားတာ”

မီးရှို့ခံရမှုကြောင့် ဈေးထဲက လျှပ်စစ်ပစ္စည်းဆိုင် သုံးဆိုင်နဲ့ စားသောက်ကုန်ပစ္စည်းဆိုင် တစ်ဆိုင် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ဆေးကုသပေးနေပြီး အခြေအနေအသေးစိပ်ကိုတော့ လတ်တလော မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့ကလည်း ဘုတလင်မြို့မဈေးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် ဆိုင်ခန်း ဆယ်ခန်းဝန်းကျင် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။