မြန်မာပြည်ငြိမ်းချမ်းရေး မူငါးရပ်ကို တရုတ်ထောက်ခံမှု အာဆီယံကြိုဆို
2023.02.22

မြန်မာနိုင်ငံမှာ စစ်မက်ဖြစ်ပွားမှုတွေ အဆုံးသတ်ရေး အာဆီယံရဲ့ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ငါးချက်ကို တရုတ်နိုင်ငံက ထောက်ခံတဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ (Retno Marsudi) က ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (Qin Gang) နဲ့ ဂျကာတာမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံစဉ်မှာ ပြောခဲ့တာပါ။
ဒီဘုံသဘောတူညီချက် ငါးချက်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ပြေလည်စေဖို့အတွက် အာဆီယံရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ မာဆူဒီက ပြောပါတယ်။
အာဆီယံဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ ဆိုပါတယ်။
အာဆီယံငြိမ်းချမ်းရေးမူ ငါးချက်ဟာ မြန်မာနိုင်ငံရဲ့အကျပ်အတည်းတွေအတွက် တရားဝင်သံတမန်ရေးရာ လုပ်ငန်းစဉ်အဖြစ် ဆက်လက်တည်ရှိနေပေမယ့် အနောက်နိုင်ငံတွေကတော့ ဒီမူတွေနဲ့ရှေ့မဆက်နိုင်သေးတဲ့အပေါ် စိတ်ပျက်နေကြပါတယ်။