အာဆီယံရဲ့ မြန်မာ့အရေး သဘောတူချက် အကောင်အထည် မဖော်လို့ အင်ဒိုနီးရှား စိတ်ပျက်

2022.01.23
အာဆီယံရဲ့ မြန်မာ့အရေး သဘောတူချက် အကောင်အထည် မဖော်လို့ အင်ဒိုနီးရှား စိတ်ပျက် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို ကို တွေ့ရစဉ်
Photo: AFP

မြန်မာစစ်ကောင်စီဟာ အာဆီယံအသင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်မဖော်တဲ့အတွက် စိတ်ပျက်ရတယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ပြောတဲ့အကြောင်း မလေးရှားနိုင်ငံက Bernama သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်မြန်မာနိုင်ငံကို မကြာခင်ကပဲ ၂ ရက်ကြာ ခရီးစဉ်နဲ့ သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်း အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ငါးခုကို အကောင်အထည်ဖော်ပါ့မယ့်လို့ မြန်မာစစ်အုပ်စုဘက်က ကတိမပေးခဲ့တဲ့အပေါ် စိတ်ပျက်ရတယ်လို့ အင်ဒိုနီးရှား သမ္မတက ပြောပါတယ်။ ဒီလအတွင်းမှာပဲ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နဲ့ အင်ဒိုနီးရှား သမ္မတတို့ စကားပြောခဲ့တာ ၂ ကြိမ်ရှိပါပြီ။ မြန်မာပြည်ခရီး စဉ်က ထွက်ပေါ်လာတဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားအစိုးရဘက်က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ တယ်လီဖုန်းကတဆင့် ပြောကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အဲဒီနေ့က ခေါင်းဆောင်နှစ်ဦးရဲ့ပြောဆိုမှုမှာ အာဆီယံအသင်းအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ချည်းကပ်တဲ့အခါ သဘောတူထားတဲ့ အထူးသဖြင့် ဘုံသဘောတူညီချက် ငါးခုအပေါ် အခြေခံပြီး ချည်းကပ်သင့်တယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီက ပြောပါ တယ်။ ဘုံသဘောတူညီချက်ငါးချက်နဲ့ စစ်ကောင်စီရဲ့ အချက်ငါးချက်ပါ လမ်းပြမြေပုံ နဲ့လည်း မဆက်စပ်သင့်ဘူးလို့ အင်ဒိုနီးရှား သမ္မတက ထပ်ပြီးပြောခဲ့ပါသေးတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးခုကို ထူးခြားတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေရှိအောင် အကောင်အထည်မဖော်ရင် နိုင်ငံရေးနဲ့မဆိုင်တဲ့ အာဆီယံရဲ့ အစည်းအဝေးတွေကိုပဲ မြန်မာတက်ရောက်သင့်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ သက်ဆိုင်ရာ အင်အားစုတွေ အားလုံးပါဝင်မယ့် တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာအောင် အာဆီယံအသင်းရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်ကို သက်ဆိုင်ရာ အင်အားစုတွေအားလုံးနဲ့ ဆက်သွယ်ခွင့်ပြုဖို့ မြန်မာစစ်တပ်ကို အင်ဒိုနီးရှား သမ္မတက တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။