ဒေါ်အောင်ဆန်းစုကြည်၏ကဏ္ဍ ပြီးဆုံးသွားပြီဟု အိန္ဒိယအရာရှိ ပြောဆို

အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး လျှို့ဝှက် ကြေးနန်း မှတ်တမ်းတွေကို WikiLeaks အင်တာနက် အဖွဲ့က ပေါက်ကြားဖော်ပြနေရာမှာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကနေ အမေရိကန် နိုင်ငံခြားရေးဌာနကို ပေးပို့တဲ့ ကြေးနန်းစာတစောင် ဒီဇင်ဘာ ၁၆ ရက် မနေ့က ထွက်ပေါ်လာပြန်ပါတယ်။

2010.12.17
than_shwe_singh_305_z မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဝဲ) အိန္ဒိယနိုင်ငံသို့ ၂၀ဝ၄ ခုနှစ်က သွားရောက်စဉ် အောက်တိုဘာ ၂၅ ရက်နေ့က နယူးဒေလီမြို့တွင် ပြုလုပ်သည့် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်း (ယာ) နှင့် အတူ တွေ့ရသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အဲဒီကြေးနန်းစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာ့ နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဏ္ဍ ပြီးဆုံးသွားပြီဖြစ်ပြီး ဒီမိုကရေစီရေးအတွက် လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းသာ ရှိတော့တယ်ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောဆိုကြောင်း ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၂ ရက် နေ့စွဲနဲ့ နယူးဒေလီ အမေရိကန်သံရုံးက ပေးပို့တဲ့ အဲဒီ လျှို့ဝှက်ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကို ယုံကြည်အားကိုးလို့ မရတော့သလို ဥရောပသမဂ္ဂဟာလည်း အမြော်အမြင် နည်းပါးပြီး အလွန် ခေတ်နောက်ကျနေပြီ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဌာန အရှေ့တောင် အာရှရေးရာ အတွင်းဝန် Ms. Mitra Vashishta က အမေရိကန် သံအရာရှိတွေကို ပြောဆိုခဲ့တယ်လို့ WikiLeaks က မနေ့က ဖော်ပြလိုက်တဲ့ ကြေးနန်းစာမှာ ရေးသားထားပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ၂၀၀၄ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယခရီးစဉ်အတွင်း ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ဘယ်ပုံဘယ်နည်း လုပ်ဆောင်သင့်တယ် ဆိုတာကို အမေရိကန်က အကြံပြုမယ်ဆိုရင် ကြိုဆိုကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်က အိန္ဒိယသူပုန်တွေကို နှိမ်နင်းရေးအတွက် မြန်မာအစိုးရကို ငွေကြေးနဲ့ စစ်သုံးပစ္စည်းတွေကို အကန့်အသတ်နဲ့ ကူညီဖို့ အိန္ဒိယက သဘောတူထားကြောင်း ရေးသားထားပါတယ်။

အမေရိကန်သံံရုံး နိုင်ငံရေး ကောင်စစ်ဝန်ကလည်း အဲဒီအချိန်က ဝန်ကြီးချုပ်သစ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး စိုးဝင်း လက်အောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေရဲ့ လုံခြုံရေးအတွက် အမေရိကန်အနေနဲ့ စိုးရိမ်မကင်း ဖြစ်မိကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာအောင် ဆက်လက် ဖိအားပေးဖို့ အိန္ဒိယကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယအတွင်းဝန်က ပြန်လည် ဖြေကြားရာမှာ မြန်မာစစ်အစိုးရဟာ အိန္ဒိယနိုင်ငံကို ဒီမိုကရေစီနဲ့ ပတ်သက်လို့ စံနမူနာအဖြစ် သတ်မှတ်ထားကြောင်းနဲ့ မြန်မာ့ ဒီမိုကရေစီရေးအတွက် အိန္ဒိယအစိုးရက အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တဲ့ အရည်အချင်းတွေ ရှိကြောင်း ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယအတွင်းဝန်ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်သွားမဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ခရီးစဉ်အတွင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ တကယ်လို့ အဲဒီကတိအတိုင်း မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် လုပ်ဆောင်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အသင့်လျော်ဆုံး ဖြစ်လိမ့်မယ်လို့ ယူဆကြောင်း အိန္ဒိယအတွင်းဝန်က အမေရိကန် အရာရှိတွေကို ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ဖယ်ရှားလိုက်တဲ့ကိစ္စဟာ မြန်မာ့ ဒီမိုကရေစီ အသွင် ပြောင်းလဲရေးကို နှောင့်နှေးသွားစေတယ်လို့ အိန္ဒိယအစိုးရအနေနဲ့ မယူဆကြောင်းနဲ့ ဒါဟာ အဖွဲ့အစည်းတွင်း ပြဿနာသာ ဖြစ်တယ်လို့ ယူဆကြောင်း အိန္ဒိယအတွင်းဝန် မစ္စ Vashishta က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ စစ်အစိုးရနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှသာလျှင် အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲ တခု ဖြစ်ပေါ်လာနိုင်မယ်လို့ အိန္ဒိယအနေနဲ့ ယုံကြည်ကြောင်း၊ sanction ခေါ် ပိတ်ဆို့ အရေးယူမှုတွေဟာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်ပေါ်စေနိုင်မှာ မဟုတ်ပဲ မြန်မာနိုင်ငံကို ပိုပြီး အထီးကျန် ဖြစ်သွားစေနိုင်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့ပြင် အဲဒီ ၂၀၀၄ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ရာဇာလီ အစ္စမေးလ်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ဟာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်နဲ့ တိုက်ဆိုင်မှု သက်သက် မဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယအနေနဲ့ မြန်မာ့အရေးအတွက် ကုလသမဂ္ဂနဲ့ အတူ ပူးတွဲ လုပ်ဆောင်လိုပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အမြင်မှာ ကုလသမဂ္ဂ အဖွဲ့ကြီးအပေါ် ယုံကြည်ကိုးစားမှု ကျဆင်းနေကြောင်း၊ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးကို အခုထက်ပိုပြီး ထောက်ခံတယ်ဆိုတာကို ပြသသင့်ကြောင်း၊ ဥရောပသမဂ္ဂဟာလည်း မြန်မာ့အရေးမှာ အရေးပါတဲ့နေရာကနေ လုပ်ဆောင်ဖို့ အဆင့်မရှိတဲ့ အပြင် အချင်းချင်း သဘောကွဲလွဲမှုတွေ ရှိနေကြောင်း၊ ထိုင်းနိုင်ငံဟာလည်း အဲဒီအချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရာထူးကို ထိုင်းဝန်ကြီးတွေက ရယူလိုတဲ့အတွက်ကြောင့်သာ မြန်မာ့အရေးမှာ တက်ကြွသယောင် ရှိခဲ့ကြောင်း စသဖြင့် အိန္ဒိယအတွင်းဝန် မစ္စ Vashishta က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ စစ်အစိုးရဟာ နိုင်ငံတကာ အဝန်းအဝိုင်းကို ဘယ်ပုံဘယ်နည်း လိမ်လည် လှည့်စားရမလဲဆိုတာကို သူ့ရဲ့ ဆရာသမားဆီက သင်ယူနေတာပဲ ဖြစ်ကြောင်း၊ တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာမှာ ပင်လယ်ဆိပ်ကမ်း ထွက်ပေါက် ရချင်နေတာ ဖြစ်ပြီး အိန္ဒိယ သြဇာလွှမ်းမိုးတဲ့ နေရာတိုင်းမှာ သူ့သြဇာကို လိုက်ပြီး ထူထောင်ချင်နေတာ ဖြစ်ကြောင်း၊ မြန်မာ စစ်အစိုးရကလည်း တရုတ်က သူ့အပေါ် သိပ်ပြီး ဂရုတစိုက် မရှိဘူးလို့ ယူဆတဲ့အတွက် မိမိတို့ အိန္ဒိယနဲ့ ဆက်ဆံရေး လုပ်လာတာ ဖြစ်တယ်လို့ ပြောဆိုကြောင်း ပြောပါတယ်။

ဒါ့ပြင် အဲဒီ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်မတိုင်ခင် သုံးနှစ်လောက်ကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အိန္ဒိယကို ဘုရားဖူး လာရောက်လိုတယ်ဆိုပြီး အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ကြောင်း၊ သူ့ခရီးစဉ် အဓိက ရည်ရွယ်ချက်ဟာ ဘုရားဖူးဖို့ ဖြစ်တယ်လို့ ယူဆကြောင်းနဲ့ ဒါဟာ စစ်အစိုးရက ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ အများ ယုံကြည်လာအောင် လုပ်ဆောင်ပြတာ သက်သက်မဟုတ်ပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်နိုက်က သက်ဝင်ယုံကြည်လို့ ဖြစ်ကြောင်း အိန္ဒိယအတွင်းဝန်က ပြောဆိုခဲ့တယ်လို့လည်း ကြေးနန်းစာမှာ ဖော်ပြပါတယ်။

ကြေးနန်းစာမှာ အိန္ဒိယအတွင်းဝန်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ အဲဒီလို ဖော်ပြအပြီးမှာ အမေရိကန် ကောင်စစ်ဝန်က မှတ်ချက်ရေးသားထားရာမှာ မြန်မာစစ်အစိုးရနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရရဲ့ မူဝါဒဟာ လုံခြုံရေး အကျိုးစီးပွား အဓိကဖြစ်သလို မြန်မာနိုင်ငံကို အရှေ့ဖက် အိမ်နီးချင်း နိုင်ငံတနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ အိန္ဒိယအစိုးရက ဆန္ဒရှိနေတယ်လို့ ရေးသားထားပါတယ်။

မြန်မာ့ ဒီမိုကရေစီရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းမှုတွေကိုလည်း အိန္ဒိယအစိုးရက ကြိုဆိုကြောင်းနဲ့ အမေရိကန်နဲ့ အိန္ဒိယရဲ့ ဒေသတွင်း ဆွေးနွေးပွဲတွေမှာ မြန်မာ့အရေးကိုပါ တည့်သွင်းဖို့ အိန္ဒိယက ကမ်းလှမ်းလာတဲ့ အခွင့်အလမ်းတခု ဖြစ်ကြောင်း ရေးသားထားပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဌာန အရာရှိက အဲဒီလို ပြောဆိုချက်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က အိန္ဒိယအစိုးရကို အခုလို ရှုတ်ချလိုက်ပါတယ်။

“ဒီလို အမြင်မျိုးဟာ ဘာမှ တန်ဖိုးမရှိဘူး၊ ဘာမှလည်း အဓိပ္ပာယ်လည်း မရှိဘူး၊ ဘာမှလည်း အနှစ်သာရ မရှိဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ ဘာဖြစ်လို့ ကျွန်တော် ပြောချင်လဲဆိုတော့ ဒီစကားကို ပြောတဲ့အချိန်ဟာ ၂၀၀၄ ခုနှစ် နော်၊ အခုဟာ ၂၀၁၀ ခုနှစ်၊ လေး ငါး ခြောက်နှစ် ကြာခဲ့ပြီ။ လေး ငါး ခြောက်နှစ် ကြာတဲ့အခါမှာ ဒေါ်စုက သေသလား၊ နိုင်ငံရေး သေသလား၊ နိုင်ငံရေးနဲ့ ကွာသွားသလား၊ နိုင်ငံရေး ဘေးရောက်သွားသလား၊ မရောက်သလား ဆိုတာကို ဒေါ်စု လွတ်လာတဲ့အခါမှာ တခါတည်း ဗမာပြည်မှာ လူထုကြီး တခုလုံးက အုံကြွပြီး ဝန်းရံပြီး ထောက်ခံတာ၊ ကမ္ဘာတခုလုံးကနေ ထောက်ခံတာကို ကြည့်ရင် တပ်မတော်သားတွေ ဘာတွေ အကုန်လုံးက ဒေါ်စုကို ထောက်ခံတာကို ကြည့်ရင် ဒေါ်စုရဲ့ အခန်းကဏ္ဍက ပြီးဆုံးသွားပြီ၊ ကုန်ဆုံးသွားပြီ ဆိုတဲ့ စကားမျိုးဟာ ဘာမှ အနှစ်သာရ မရှိဘူး၊ အဓိပ္ပာယ်မရှိဘူး။”

“အဲဒီ လွန်ခဲ့တဲ့ လေး ငါး ခြောက်နှစ်တည်းက စပြီးတော့ အိန္ဒိယအစိုးရဟာ အလွန် ရှက်ဖွယ်ကောင်းတဲ့ သူတို့ရဲ့ နိုင်ငံရေး ပေါ်လစီကို ချမှတ်ခဲ့တယ်။ အဲဒါ ဘာလဲဆိုတော့ စစ်အစိုးရနဲ့ ပေါင်းလုပ်မယ်၊ ဒီမိုကရေစီတွေနဲ့ ခွာသွားမယ်ဆိုတဲ့ အလွန်ရှက်စရာကောင်းတဲ့ အိန္ဒိယအစိုးရဟာ ဒီနေ့ ကျင့်ဝတ်သိက္ခာနဲ့ကို လုံးဝ မညီတဲ့ ဒီမိုကရေစီ နိုင်ငံကြီးတခုမှာ မကျင့်သုံးသင့်တဲ့ ပေါ်လစီတွေ ကျင့်သုံးနေတယ်လို့ ပြောချင်ပါတယ်။”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။