ရခိုင်ပြည်နယ်ဘက် တင်ပို့မဲ့စက်သုံးဆီတွေ အိန္ဒိယလူငယ်အဖွဲ့ တားမြစ်

RFA Burmese
2024.07.16
ရခိုင်ပြည်နယ်ဘက် တင်ပို့မဲ့စက်သုံးဆီတွေ အိန္ဒိယလူငယ်အဖွဲ့ တားမြစ် လောင်တလိုင်ခရိုင် CYLA အဖွဲ့၏ စစ်ဆေးရေးဂိတ်တစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဥ်။
CYLA

အိန္ဒိယနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ်ကိုတင်ပို့မဲ့ ဒေသခံကုန်သည်တွေရဲ့ ဒီဇယ်ပေပါ နှစ်ဆယ်နီးပါးကို ဇူလိုင်လ ၁၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ဒယ်လိုင်ရွာမှာရှိတဲ့ ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA) က သယ်ယူခွင့်မပေးဘဲ တားမြစ်ခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်မှာ နေထိုင်တဲ့ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ပြည်တွင်း ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတာပါ။ ဒါကြောင့် အိန္ဒိယဘက်က လာတဲ့ကုန်စည်တွေကို အားထားအသုံးပြုနေရချိန် အခုလိုကန့်သတ်ခံနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA) ဟာ အစိုးရအဖွဲ့အစည်းမဟုတ်ပေမဲ့ လောင်တလိုင်ခရိုင်အတွင်း သြဇာကြီးတဲ့အဖွဲ့ဖြစ်တာကြောင့် အခုလို ကန့်သတ်ပိတ်ပင်မှုတွေ လုပ်နိုင်တာလို့ ဒေသခံတွေက ပြောပါတယ်။

CYLA အဖွဲ့ကတော့ ဇွန် ၂၄ ရက်နေ့ကစပြီး ကုန်ပစ္စည်း သယ်ယူတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ခဲ့တာပါ။ သူတို့ရဲ့ထုတ်ပြန်ချက်မှာ အာရက္ခတပ်တော် (AA) ဟာ အိန္ဒိယဘက်က လာတဲ့ကုန်ပစ္စည်းတွေကို အသုံးပြုပြီး အင်အားတည်ဆောက်နေတာကြောင့် အခုလိုပိတ်ပင်တာလို့ ဖော်ပြထားပါတယ်။

ဇူလိုင် ၂ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာလည်း ရခိုင်ပြည်နယ်ဘက် တင်ပို့မဲ့စက်သုံးဆီပေပါတချို့ သယ်ယူခွင့်မပေးဘဲ CYLA အဖွဲ့က တားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် လဆန်းပိုင်းကစလို့ အခုလို ကုန်စည်သယ်ယူခွင့် ကန့်သတ်ခံရမှုတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေက အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။