အိန္ဒိယနဲ့ မြန်မာပူးပေါင်းပြီး နာဂ တပ်စခန်းတွေကို ဖယ်ရှား
2019.06.16
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မြန်မာနယ်စပ်ဒေသတစ်ဝှမ်းမှာ လှုပ်ရှားနေတဲ့ အိန္ဒိယလက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်စခန်းတွေကို အိန္ဒိယနဲ့ မြန်မာတပ်မတော်တို့ ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲပြီး ဖျက်ဆီးဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းမှာ တပ်စွဲထားတဲ့ နာဂအဖွဲ့ NSCN-K အပါအဝင် အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စခန်း အနည်းဆုံး ရှစ်ခုကို မြန်မာတပ်မတော်က မော်တာနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၈၀ ဝန်းကျင်လောက်ကို အိန္ဒိယစစ်တပ်က နယ်စပ်မှာ ပိတ်ဆို့ဖမ်းဆီးခဲ့တယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုကားပြီး India Express သတင်းစာက ဖော်ပြပါတယ်။
နေရောင်စစ်ဆင်ရေး ၂ လို့ နာမည်ပေးထားတဲ့ ဒီစစ်ရေးလှုပ်ရှားမှုကို မေလ ၁၆ ရက်နေ့ကနေ ဇွန်လ ၈ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အိန္ဒိယစစ်တပ်က တပ်ရင်း နှစ်ရင်း အပြင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာ့တပ်မတော်က တပ်ရင်း လေးရင်းတို့ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။
အိန္ဒိယနဲ့ မြန်မာတပ်မတော်တို့ဟာ ဒီနှစ်အစောပိုင်း ဖေဖော်ဝါရီလကတုန်းလည်း နေရောင်စစ်ဆင်ရေး-၁ လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။
အဲဒီစစ်ဆင်ရေးမှာတော့ တစ်ဘက်နိုင်ငံ နယ်နိမိတ်ထဲမှာ တပ်စွဲထားတဲ့ ရခိုင်လက်နက်ကိုင်တပ်စခန်းတွေကို အိန္ဒိယတပ်မတော်က တိုက်ထုတ်ရှင်းလင်းခဲ့ပြီး ဆုတ်ခွာထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တွေကို မြန်မာတပ်မတော်က နယ်စပ်မှာ ပိတ်ဆို့ဖမ်းဆီးခဲ့တယ်လို့လည်း အိန္ဒိယသတင်းဌာနတွေက ရေးသားကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုရဲတိုက် ပေးပို့တာပါ။