နာဂဒေသ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာသိန်းလှိုင် ကွယ်လွန်

2021.08.10
နာဂဒေသ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာသိန်းလှိုင် ကွယ်လွန် ဆရာဝန်ကြီး ဒေါက်တာ နာဂသိန်းလှိုင် ကို တွေ့ရစဥ်
Photo: Myatthein Tun's FB

ဆရာဝန်ခွဲစိတ်မှုတွေကို လက်ခံယုံကြည်မှုအားနည်းတဲ့ နာဂတောင်တန်းဒေသက တိုင်းရင်းသားတွေကို စည်းရုံးပြီး ရောဂါဖြစ်ပွားမှုတွေကို ကြိုးစားကုသပေးခဲ့တာကြောင့် နာဂသိန်းလှိုင်လို့ နာမည်ကျော်ခဲ့တဲ့ ဆရာဝန်ကြီး ဒေါက်တာသိန်းလှိုင် အသက် (၈၈) နှစ်ဟာ ဩဂုတ်လ ၁၀ ရက် ဒီနေ့ မနက်ပိုင်းက ကွယ်လွန် သွားပါတယ်။

ဆရာဝန်ကြီးဟာ နာဂဒေသမှာ အဖြစ်များတဲ့ လည်ပင်းကြီးရောဂါသည်တွေကို ၁၉၆၅ ခုနှစ်ကနေ ၁၉၇၀ အထိ ခြောက်နှစ်တာ သွားရောက်တာဝန်ထမ်းဆောင်ရင်း အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့တာကြောင့် နာဂသိန်းလှိုင် လို့ နာမည်ကျော်ပြီး နာဂတိုင်းရင်းသားတွေရဲ့ အထူးချစ်ခင်လေးစားမှုကိုရရှိခဲ့တဲ့ ဆရာဝန်ကြီး ဖြစ်ပါတယ်။

ဆရာဝန်ကြီး ဒေါက်တာ နာဂသိန်းလှိုင်ဟာ ဝေးလံခေါင်သီပြီး သွားရေးလာရေးခက်ခဲတဲ့ နာဂဒေသမှာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး စေတနာထားဆောင်ရွက်ပေးခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလ ၁၅ ရက်နေ့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာပြုလုပ်ခဲ့တဲ့ နာဂနှစ်သစ်ကူးပွဲတော်မှာ နာဂလူမျိုးတွေ ကိုယ်စား နာဂဒေသဦးစီးအဖွဲ့ကနေ ပေးအပ်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်း ရရှိခဲ့ပါတယ်။

ဆရာဝန်ကြီးဟာ CDM ပြုလုပ်နေတဲ့ တစ်နိုင်ငံလုံးက ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ရဲရင့်မှုကို အားပေးထောက်ခံခဲ့ပြီး ပြည်သူနဲ့အတူ ရပ်တည်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့သူဖြစ် ပါတယ်။

ဆရာဝန်ကြီး ဒေါက်တာနာဂသိန်းလှိုင် ဘာရောဂါနဲ့ ကွယ်လွန်သွားတယ်ဆိုတာကိုတော့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ကျန်ရစ်သူ မိသားစုက အတိအကျ ဖော်ပြထားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။