အိန္ဒိယအာသံရိုင်ဖယ်တပ် ပလက်ဝမြို့နယ်ထဲကို ဝင်ရောက်
2023.03.14

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အာသံရိုင်ဖယ်တပ်သား ၁၅ ဦးက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရွှေလိုက်ဝကျေးရွာထဲကို မတ်လ ၁၃ ရက်မနက်ပိုင်းက ဝင်ရောက်လာပြီး စာသင်ကျောင်းနဲ့ နေအိမ်တွေကို ဓာတ်ပုံရိုက်ကူးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာသံတပ်သားတွေက နယ်စပ်ကျောက်တိုင်ကို လာရောက်ကြည့်ရှုတာလို့ အကြောင်း ပြကာ ရွာထဲကိုဝင်လာတာဖြစ်ပြီး အပြန်မှာသေနတ်ဆယ်ချက် ပစ်ဖောက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့က နယ်စပ်ကျောက်တိုင်ကို လာကြည့်တာထက် ရွာထဲထိကို လက်နက်ကိုင်ပြီး ဝင်တာ။ ပြီးတော့ ရွာထဲကို လှည့်ပတ်ကြည့်ရှုပြီးတော့ ဓာတ်ပုံရိုက်တာ။ ရွာသားတွေ ကတော့ စိုးရိမ်ကြတာပေါ့။ ဘာလုပ်ဖို့အတွက်လဲဆိုတာ သေချာတော့မသိဘူး"
အိန္ဒိယအာသံရိုင်ဖယ်တပ်သားတွေက မြန်မာစစ်ကောင်စီတပ်သားတွေ ရွှေလိုက်ဝရွာကို လာ၊ မလာ ဒေသခံတွေကို မေးမြန်းခဲ့တယ်လို့ သူကပြောပါတယ်။
အိန္ဒိယ အာသံရိုင်ဖယ်တပ်သားတွေ မြန်မာပြည်ဘက်ခြမ်းကို ဝင်ရောက်လာတာနဲ့ ပတ်သက်လို့ မြန်မာဘက်ကရော အိန္ဒိယဘက်ကပါ တစ်စုံတစ်ရာ သတင်းထုတ်ပြန် တာမရှိပါဘူး။
ရွှေလိုက်ဝရွာက အိန္ဒိယ-မြန်မာ နယ်စပ်အနီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာရှိပြီး အိမ်ခြေ ၁၂၅ အိမ်နဲ့ လူဦးရေ ၆၄၀ ကျော်နေထိုင်ကြပါတယ်။