Index လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆု လျာထားချက်မှာ မင်းထင်ကိုကိုကြီးပါ
2012.03.01

Photo courtesy of Index web site
ပြီးခဲ့တဲ့ ဇန်နဝါရီလက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင် ဇာတ်ကားတိုပြိုင်ပွဲ ဖြစ်မြောက်အောင် ပူးတွဲ ဦးဆောင်စီစဉ် ကျင်းပခဲ့သူတစ်ဦးအနေနဲ့ ဒီဆုအတွက် လျာထားခြင်းခံရတာလို့
Index ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ အနုပညာရှင်တစ်ဦးအနေနဲ့ တတ်နိုင်တဲ့ဘက်က ကြိုးစား ဆောင်ရွက်တာလို့ အာအက်ဖ်အေကိုပြောပါတယ်။
လွတ်လပ်ခြင်း အနုပညာ အောင်မြင်တာကို ကြည့်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ရနေပြီ ရှိနေပြီလို့ ပြောလို့မရသေးဘူးထင်ကြောင်း၊ စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်တဲ့ အခါမှာတော့ ဒါတွေဟာ အလိုအလျောက် ရှိလာမယ့်
အခွင့်အရေးတွေပဲလို့ ယူဆကြောင်းကိုလည်း ပြောပါတယ်။
Index စာပေနဲ့ အနုပညာ လွတ်လပ်ခွင့်အဖွဲ့ကို ထူထောင်ခဲ့တာ နှစ် ၄၀ ကျော်ရှိခဲ့ပါပြီ။ ကမ္ဘာတစ်ဝန်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့ အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။
Index အမည်နဲ့ မဂ္ဂဇင်းတစ်စောင် ထုတ်ဝေနေပြီး နိုင်ငံတကာက ဆင်ဆာ ဖြတ်တောက်ခံရတဲ့ စာပေနဲ့အနုပညာလက်ရာတွေကို ဖော်ထုတ် တင်ပြနေပါတယ်။
Index အဖွဲ့က လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ဆု အမျိုးအစား (၄)မျိုး သတ်မှတ်ချီးမြှင့် နေရာမှာ စာနယ်ဇင်းဆု၊ အနုပညာဆု၊ တီထွင်ကြံဆမှုဆု၊ ရှေ့ဆောင်လှုပ်ရှားမှုဆု တွေပါဝင်ကြပါတယ်။
အနုပညာဆု လျာထားသူစာရင်းထဲမှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး နဲ့အတူ တရုတ်နိုင်ငံက နာမည်ကျော် အနုပညာရှင် အိုက်ဝေေ၀၊ ရုရှ အနုပညာရှင်အဖွဲ့တစ်ဖွဲ့နဲ့ ဆီးရီးယားနိုင်ငံက ကာတွန်းပညာရှင် Ali Ferzat တို့ပါဝင်ပါတယ်။
Index လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ဆု ရရှိသူတွေကို မတ်လ (၂၈) ရက်၊ လန်ဒန်မြို့မှာ အခမ်းအနား နဲ့ချီးမြှင့်မှာဖြစ်ပါတယ်။