မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် အနည်းအကျဉ်း တိုးတက်လာကြောင်း RSF ပြော
2012.01.25

Photo: RFA
နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခြင်း အပါအဝင် ပြုပြင် ပြောင်းလဲမှုတချို့ ပြုလုပ်ခဲ့ခြင်းနဲ့ ဆင်ဆာပြုလုပ်တာတွေ လျှော့ချလာခြင်း တို့ကြောင့် အခုလို ပြောင်းလဲ သတ်မှတ်ရခြင်း ဖြစ်ကြောင်း RSF အဖွဲ့ကြီးရဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
RSF အဖွဲ့ကြီးရဲ့ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး Mr. Lodet ကတော့ အခုလို အဆင့် မြင့်တက်လာပေမယ့်လည်း မြန်မာနိုင်ငံ အနေနဲ့ သတင်း လွတ်လပ်ခွင့် အတွက် အများကြီး လုပ်ဖို့ လိုသေးတယ်လို့ အာအက်ဖ်အေကို ပြောပါတယ်
ဒီမိုကရက်တစ် မြန်မာ့အသံရဲ့သတင်းထောက်တွေလို စာနယ်ဇင်းသမားတွေ ထောင်ကနေ ပြန်လွှတ်တာတွေ တွေ့ရကြောင်း၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ သတင်းဆင်ဆာလုပ်မှုတွေ ရှိနေဆဲ ဖြစ်ကြောင်း၊ ဒါကြောင့် ဥပဒေတွေ ပြောင်းလဲဖို့ လိုအပ်ကြောင်း၊ လောလောဆယ်မှာ ဖိနှိပ်တဲ့ ဥပဒေနဲ့ သတင်း လွတ်လပ်ခွင့်ကို ပိတ်ပင်ထားကြောင်း ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်မှု အညွှန်းကိန်း Press Freedom Index မှာ နိုင်ငံပေါင်း ၁၇၉ နိုင်ငံ အနက် ၁၆၉ အဆင့်မှာ ရှိနေဆဲမို့ ကမ္ဘာမှာ သတင်း လွတ်လပ်ခွင့် မရှိဆုံး ၁၀ နိုင်ငံစာရင်းရဲ့အပေါ်မှာ ကပ်လျက် ရပ်တည်နေပါတယ်။
အာရှတိုက်မှာ တရုတ် ဗီယက်နမ်စတဲ့ နိုင်ငံတွေမှာလည်း သတင်း လွတ်လပ်မှု အခြေအနေဟာ ဆိုးရွားမြဲ ဆိုးရွားနေပြီး သီရိလင်္ကာနိုင်ငံမှာ သတင်းသမားတွေကို ဖိနှိပ်မှုတွေ ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။