တရားမ၀င်ရွှေတူးဖော်မှုကြောင့် အင်းတော်ကြီးကန် ထိခိုက်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသမှာ တရားမဝင် ရွှေတူးဖော်မှုတွေ ကြောင့် UNESCO ရဲ့ ဇီဝအဝန်းအဝိုင်းနယ်မြေ (Biosphere Reserve) အစိတ်အပိုင်း ဖြစ်တဲ့ အင်းတော်ကြီးကန်ဟာ ထိခိုက်ပျက်စီးမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသ မိုင်းနောင်၊ လုံတုံ၊ မမုန်ကိုင်စတဲ့ရွာ တွေ အပါအ၀င် လုပ်ကွက် ၂၀၀ လောက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ရွှေတူးဖော်ရာက ထွက်လာတဲ့ ရွှံ့နွံတွေ အင်းတော်ကြီးကန်ထဲ စီးဝင်တဲ့အတွက် ကန်ရဲ့ အကျယ်အဝန်းဟာ အရင်လောက် မရှိတော့ဘူးလို့ မိုင်းနောင်ရွာ ဒေသခံတစ်ဦးက ပြောပါ တယ်။
“အင်းတော်ကြီးအိုင်က အစတုန်းကဆိုရင် အလျားက ၁၄ မိုင် အနံက ၇ မိုင်လို့ ပြော ထားတာလေ။ အခုက အဲလိုမျိုး အကျယ်အဝန်း မရှိတော့ဘူး ။ စီးသွားတဲ့ နွံတွေ၊ ရွှံ့ တွေက တစ်မိုင်လောက်ဝင်သွားတယ်”
ဒီလို ရွှေတူးဖော်မှုတွေကြောင့် လယ်ယာမြေတွေပေါ် လုပ်ကိုင်စားသောက်လို့ မရတော့သလို သောက်သုံးရေတွေလည်း ခက်ခဲလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရွှေတူးဖော်မှုဟာ လက်ရှိ ရွာနားတွေအထိရှိသလို မိုးညှင်း-ဖားကန့် လမ်းမကြီးနဲ့ ၁၅ ပေလောက်အကွာအထိပါ ရောက်လာတာကြောင့် လမ်းပျက်စီးသွားမှာကိုပါ စိုးရိမ် နေတယ်လို့ ပြောကြပါတယ်။
အင်းတော်ကြီး ဘေးမဲ့တောနဲ့ ပတ်ဝန်းကျင်ဒေသကို UNESCO ရဲ့ ဇီဝအဝန်းအ၀ိုင်းနယ်မြေ (UNESCO Biosphere Reserve) အဖြစ် ၂၀၁၇ ခုနှစ်မှာစပြီး စာရင်းသွင်းထားတာပါ။